အင်္ဂုတ္တရနိကာယ်
၈-အရဟတ္တဝဂ်
၂-အရဟတ္တသုတ်
၇၆။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။ အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
မာန်မူမှု၊ ယုတ်သော မာန်မူမှု၊ အလွန်မာန်မူမှု၊ အထင်ကြီးမှု၊ ခက်ထန်မှု၊ အလွန်နိမ့်ကျမှု တို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
မာန်မူမှု၊ ယုတ်သော မာန်မူမှု၊ အလွန်မာန်မူမှု၊ အထင်ကြီးမှု၊ ခက်ထန်မှု၊ အလွန်နိမ့်ကျမှု တို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။