အင်္ဂုတ္တရနိကာယ်

၈-အရဟတ္တဝဂ်

၄-သုခသောမနဿသုတ်

၇၈။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်းဝမ်းမြောက်ခြင်းများသည် ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ရန်အကြောင်းကိုလည်း အားထုတ်ပြီး ဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တရား၌ မွေ့လျော်၏၊ ဘာဝနာ၌ မွေ့လျော်၏၊ (အကုသိုလ်တရားကို) ပယ်စွန့်မှု၌ မွေ့လျော်၏၊ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊ ဆင်းရဲမရှိရာ (နိဗ္ဗာန်)၌ မွေ့လျော်၏၊ သံသရာ နယ်ချဲ့ (ပပဉ္စ) တရား မရှိရာ (နိဗ္ဗာန်)၌ မွေ့လျော်၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်း ဝမ်းမြောက်ခြင်းများသည်ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ရန် အကြောင်းကိုလည်းအားထုတ်ပြီး ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။