အင်္ဂုတ္တရနိကာယ်
၅-ဥပေါသထဝဂ်
၁ဝ-ဒုတိယ ဣဓလောကိကသုတ်
၅ဝ။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ဤလောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ ဤလောကကို အားထုတ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်၏၊ အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက်ထောက်ပံ့တတ်၏၊ လင်ယောကျာ်း၏ နှစ်သက် ဖွယ်ကို ပြုတတ်၏၊ (လင်ယောကျာ်း) စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက် တတ်၏။
ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်သနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် လင်ယောကျာ်း၏ အိမ်တွင်းမှု အလုပ်တို့၌ လိမ္မာ၏။ပ။ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် အခြွေအရံပရိသတ်တို့ကို ချီးမြှောက်ထောက်ပံ့တတ် သနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် လင်ယောကျာ်း၏ အိမ်တွင်းသားဖြစ်ကုန်သော “ကျွန်အစေခံ အမှုလုပ်ဖြစ်သည့် အတွင်းလူတို့၏။ပ။ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက် ထောက်ပံ့တတ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် လင်ယောကျာ်း၏ နှစ်သက်ဖွယ်ကို ပြုတတ်သနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် လင်ယောကျာ်း၏ မနှစ်သက်ဖွယ်ဟု ဆိုအပ်သော အမှုကို အသက်ဟူသော အကြောင်းကြောင့်လည်း လွန်ကျူး၍ မကျင့်၊ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် လင်ယောကျာ်း၏ နှစ်သက်ဖွယ်ကို ပြုတတ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် လင်ယောကျာ်း စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်တတ်သနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် လင်ယောကျာ်း ဆောင်ယူ ခဲ့သော။ပ။ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် လင်ယောကျာ်း စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်တတ်၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ဤလောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ ဤလောကကို အားထုတ်၏။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် တမလွန်လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ တမလွန်လောကကို အားထုတ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ မာတုဂါမသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ အကျင့်သီလနှင့် ပြည့်စုံ၏၊ စွန့်ကြဲမှုနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊
ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် သဒ္ဓါတရားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ပ။ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် သဒ္ဓါ တရားနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် သီလနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် သီလနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် စွန့်ကြဲမှုနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည်။ပ။ မစ္ဆရိယတည်းဟူသော အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် မာတုဂါမသည် ပညာနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် ပညာရှိ၏။ပ။ ရဟန်းတို့ ဤသို့လျှင် မာတုဂါမသည် ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် တမလွန်လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ တမလွန်လောကကို အားထုတ်၏ဟု (မိန့်တော်မူ၏)။
(အကြင်မိန်းမသည်) အိမ်မှုကိစ္စကို ကောင်းစွာ ပြုလုပ်စီရင်တတ်၏၊ ပရိသတ် အခြွေအရံကို သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှောက်တတ်၏၊ လင်ယောကျာ်းနှစ်သက်ဖွယ်ကို ကျင့်၏၊ လင်ယောကျာ်းရှာမှီးသော ပစ္စည်းဥစ္စာကို အစဉ်စောင့်ရှောက်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယကင်း၏၊ တမလွန်ဘဝ၌ ချမ်းသာကြောင်းဖြစ်သော (ကုသိုလ်) လမ်းကို အမြဲ သုတ်သင်၏။ အကြင်မိန်းမအား ဤတရားရှစ်မျိုးတို့သည် ရှိကုန်၏၊ တရား၌ တည်သော မှန်ကန်သော စကားကို ဆိုလေ့ရှိသော ထိုမိန်းမကိုလည်း သီလရှိသော မိန်းမဟူ၍ ဆိုကုန်၏။ တစ်ဆယ့်ခြောက်မျိုးသော အခြင်းအရာ ရှစ်မျိုးသော အင်္ဂါနှင့် ပြည့်စုံသော သဘောရှိသည့် သီလရှိသော ဥပါသိကာမသည် စိတ်နှလုံးကို နှစ်သက်စေတတ်သော နတ်ပြည်သို့ ကပ်ရောက်ရ၏။
ဒသမသုတ်။
ငါးခုမြောက် ဥပေါသထဝဂ် ပြီး၏။
ပဌမ သုတ်ငါးဆယ် ပြီး၏။