အင်္ဂုတ္တရနိကာယ်
(၁၇) ၂-ဇာဏေုဿာဏိဝဂ်
၂-အရိယပစ္စော ရောဟဏီသုတ်
၁၆၈။ ရဟန်းတို့ သင်တို့အား မြတ်သော နှင်ထုတ်ခြင်းကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏ )။ “အသျှင်ဘုရား ကောင်း ပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
ရဟန်းတို့ မြတ်သော နှင်ထုတ်ခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အရိယာ တပည့်သည် “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း သူ့အသက်သတ်ခြင်း၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဤသို့ ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ သူ့အသက် သတ်ခြင်းကို ပယ်စွန့်၏၊ သူ့အသက်သတ်ခြင်းကို နှင်ထုတ်၏၊ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန် ဘဝ၌လည်းကောင်း သူ့ဥစ္စာကို ခိုးခြင်း၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။
ထိုသူသည် ဤသို့ဆင်ခြင်၍ သူ့ဥစ္စာခိုးယူခြင်းကို ပယ်စွန့်၏၊ သူ့ဥစ္စာခိုးယူခြင်းကို နှင်ထုတ်၏၊ ကာမတို့၌ မှားယွင်း စွာ ကျင့်ခြင်း၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏။ပ။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို နှင်ထုတ်၏၊ မဟုတ်မမှန်ပြောခြင်း၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏။ပ။ မဟုတ်မမှန်ပြောခြင်းကို နှင်ထုတ်၏၊ ကုန်းစကား၏ အကျိုးသည် ယုတ်မာ၏။ပ။ ကုန်းစကားကို နှင်ထုတ်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကား၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏။ပ။ ရုန့်ရင်းကြမ်းတမ်းသော စကားကို နှင်ထုတ်၏၊ ပြိန်ဖျင်းသော စကား၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏။ပ။ ပြိန်ဖျင်းသော စကားကို နှင်ထုတ်၏။ ရှေးရှု ကြံစည်မှု ‘အဘိဇ္ဈာ’၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏။ပ။ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ကို နှင်ထုတ်၏၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏။ပ။ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော အယူ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ မှားယွင်းသော အယူကို ပယ်စွန့်၏၊ မှားယွင်းသော အယူကို နှင်ထုတ်၏။ ရဟန်းတို့ ဤသည်ကို မြတ်သော နှင်ထုတ်ခြင်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏ )။
ဒုတိယသုတ်။