အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ဇာဏေုဿာဏိဝဂ်

၃-သင်္ဂါရဝသုတ်

၁၆၉။ ထိုအခါ သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—အသျှင်ဂေါတမ ဤမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း။ ထိုမှာဘက်ကမ်းဟူသည် အဘယ်ပါနည်းဟု (လျှောက်၏ )။

ပုဏ္ဏား သူ့အသက်သတ်ခြင်းသည် ဤမှာဘက်ကမ်းတည်း၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း သည် ထိုမှာဘက်ကမ်းတည်း။ မပေးခြင်းကို ယူခြင်းသည် ဤမှာဘက်ကမ်းတည်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည် ထိုမှာဘက်ကမ်းတည်း။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းသည် ဤမှာ ဘက်ကမ်းတည်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ထိုမှာဘက်ကမ်းတည်း။ မဟုတ်မမှန်ပြောခြင်းသည် ဤမှာဘက်ကမ်းတည်း၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ထိုမှာ ဘက်ကမ်းတည်း၊ ကုန်းစကားသည် ဤမှာဘက်ကမ်းတည်း၊ ကုန်းစကားမှ ရှောင်ကြဉ်ခြင်းသည် ထိုမှာ ဘက်ကမ်းတည်း။ ရုန့်ရင်းကြမ်းတမ်းသော စကားသည် ဤမှာဘက်ကမ်းတည်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်းသည် ထိုမှာဘက်ကမ်းတည်း။ ပြိန်ဖျင်းသော စကားသည် ဤမှာ ဘက်ကမ်းတည်း၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်းသည် ထိုမှာဘက်ကမ်းတည်း။ ရှေးရှု ကြံစည်မှု ‘အဘိဇ္ဈာ’ သည် ဤမှာဘက်ကမ်းတည်း၊ ရှေးရှုမကြံစည်မှု ‘အနဘိဇ္ဈာ’သည် ထိုမှာဘက် ကမ်းတည်း။ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည် ဤမှာဘက်ကမ်းတည်း၊ မပျက်စီးစေလိုမှု ‘အဗျာပါဒ’ သည် ထိုမှာဘက်ကမ်းတည်း။ မှားယွင်းသော အယူသည် ဤမှာဘက်ကမ်းတည်း၊ မှန်ကန်သော အယူသည် ထိုမှာဘက်ကမ်းတည်း။ ပုဏ္ဏား ဤသည်ကား ဤမှာဘက်ကမ်းတည်း၊ ဤသည်ကား ထိုမှာဘက် ကမ်းတည်းဟု (မိန့်တော်မူ၏)။

လူတို့တွင် (အကြင်လူတို့သည် ) ထိုမှာဘက်ကမ်း (နိဗ္ဗာန်) သို့ သွားရောက်ကုန်၏၊ ထိုလူတို့သည်ကား နည်းပါးလှကုန်၏၊ ထို့ပြင် ထိုမှာဘက်ကမ်းသို့ သွားရောက်ကြကုန်သော သူတို့မှ တစ်ပါးသော ဤသတ္တဝါ (အပေါင်း ) သည် ဤမှာ ဘက်ကမ်း (သက္ကာယဒိဋ္ဌိ) သို့သာလျှင် အဖန်ဖန် ပြေးသွား၏။

အကြင်သူတို့သည်ကား ကောင်းစွာ ဟောတော်မူအပ်သော တရား၌ တရားအား လျော်စွာ ကျင့်ကုန်၏၊ ထိုသူတို့သည်သာ ကူးတက်နိုင်ခဲသော သေမင်း၏တည်ရာ (ဝဋ်တရား)ကို (ကူးတက်ကာ) ထိုမှာဘက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ကုန်လတ္တံ့။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကိုပယ်၍ ဖြူစင်သော (ကုသိုလ်) တရားကို ပွါးရာ၏၊ ကပ်ငြိရာ (ဝဋ်) မှ မကပ်ငြိရာ (နိဗ္ဗာန်) ကို အာရုံ ပြု၍ အကြင်ကင်းဆိတ်ရာ၌ မွေ့လျော်နိုင်ခဲ၏၊ ထိုကင်းဆိတ်ရာ၌ ကာမတို့ကို ပယ်စွန့်၍ ကြောင့်ကြမရှိဘဲ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏၊ ပညာရှိသည် စိတ်ညစ် ညူးခြင်းတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။ အကြင်သူတို့၏ စိတ်သည် သမ္ဗောဓိ၏အင်္ဂါ (ဗောဇ္ဈင်)တို့၌ ကောင်းစွာ ပွါးပြီး ဖြစ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် စွဲလမ်းမှုမရှိဘဲ စွဲလမ်းမှုကိုစွန့်ရာ (နိဗ္ဗာန်) ၌ မွေ့လျော်ကုန်၏။ အာသဝေါတရားကုန်ပြီးကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် လောက၌ ထက်ဝန်းကျင် ချုပ်ငြိမ်းပြီး ဖြစ်ကုန်၏။

တတိယသုတ်။