အင်္ဂုတ္တရနိကာယ်
(၂ဝ) ၅-အပရပုဂ္ဂလဝဂ် န သေဝိတဗ္ဗာဒိသုတ်များ
၁၉၉။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်။ အဘယ်တရား ဆယ်မျိုးတို့နည်းဟူမူ—သူ့အသက်သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောလေ့ရှိ၏၊ ကုန်းစကားရှိ၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏၊ ပြိန်ဖျင်းသော စကားရှိ၏၊ အဘိဇ္ဈာများ၏၊ ပျက်စီးစေလိုသော စိတ်ရှိ၏၊ မှားယွင်းသော အမြင်ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်။
ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်း စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ အဘိဇ္ဈာမများ၊ မပျက်စီးစေလိုသော စိတ်ရှိ၏၊ မှန်ကန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏။
၂ဝဝ—၂ဝ၉။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မဆည်းကပ်အပ်။ပ။ ဆည်းကပ်အပ်၏။ မချဉ်းကပ်အပ်။ ချဉ်းကပ်အပ်၏။ မပူဇော်အပ်။ ပူဇော်အပ်၏။ ချီးမွမ်းထိုက်သူ မဖြစ်။ ချီးမွမ်းထိုက်သူ ဖြစ်၏။ မရိုသေထိုက်သူ ဖြစ်၏။ ရိုသေထိုက်သူ ဖြစ်၏။ မပျပ်ဝပ်ထိုက်သူ ဖြစ်၏။ ပျတ်ဝပ်ထိုက်သူ ဖြစ်၏။ မနှစ်သိမ့်စေတတ်။ နှစ်သိမ့်စေတတ်၏။ မစင်ကြယ်။ စင်ကြယ်၏။ မြတ်နိုးမှုကို မခံစားရ၊ မြတ်နိုးမှုကို ခံစားရ၏။ ပညာဖြင့် မတိုးပွါး၊ ပညာဖြင့် တိုးပွါး၏။ပ။ (၂—၁၁)။
၂၁ဝ။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် များစွာသော မကောင်းမှုကို တိုးပွါးစေ၏။ပ။ များစွာသော ကောင်းမှုကို တိုးပွါးစေ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ အဘိဇ္ဈာမများသူဖြစ်၏၊ မပျက်စီးစေလိုသော စိတ်ရှိသူ ဖြစ်၏၊ မှန်ကန်သော အမြင်ရှိသူ ဖြစ်၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် များစွာသော ကောင်းမှုကို တိုးပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၁၂)
ငါးခုမြောက် အပရပုဂ္ဂလဝဂ် ပြီး၏။
စတုတ္ထ သုတ်ငါးဆယ် ပြီး၏။