အင်္ဂုတ္တရနိကာယ်

၁-အာနိသံသဝဂ်

၇-သာရိပုတ္တသုတ်

၇။ ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏—ငါ့သျှင် သာရိပုတြာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်မရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ် ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာ မရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာ ရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ကို ရခြင်းသည် ဖြစ်ရာပါသလောဟု (လျှောက်၏)။

ငါ့သျှင် အာနန္ဒာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု သမာဓိကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု သမာဓိကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်ရာပါသနည်းဟု (မေး၏)။

ငါ့သျှင်အာနန္ဒာ အခါတစ်ပါး၌ ငါသည် သာဝတ္ထိပြည် အန္ဓဝန်တော၌ပင် နေ၏။ ထိုအခါ ငါသည် ထိုသို့ သဘောရှိသော တည်ကြည်မှု (သမာဓိ) ကို ဝင်စားပြီးလျှင် ယင်းသည့် သဘောကား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင် တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ (သို့ပင်ဖြစ်သော်လည်း) ငါသည် သညာရှိသူကား ဖြစ်ခဲ့ပေ၏ဟု (မိန့်ဆို၏)။

အသျှင်သာရိပုတြာသည် ထိုအခါ အဘယ်သညာရှိသူ ဖြစ်ခဲ့ပါသနည်းဟု (မေး၏)။

ငါ့သျှင် “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း၊ ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း”ဟု ငါ့အား သညာသည် တစ်မျိုးတစ်ခြားသာလျှင် ဖြစ်ပေါ်၏၊ သညာသည် တစ်မျိုးတခြားသာလျှင် ချုပ်၏။ ငါ့သျှင် ကောက်ရိုးမီး တောက်ပရာဝယ် မီးလျှံသည် တစ်မျိုးတခြားသာ ဖြစ်သကဲ့သို့ မီးလျှံသည် တစ်မျိုး တခြားသာ ချုပ်သကဲ့သို့ ဤအတူပင် “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း၊ ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း”ဟု သညာသည် တစ်မျိုးတခြားသာလျှင် ဖြစ်ပေါ်၏၊ သညာသည် တစ်မျိုးတခြားသာလျှင် ချုပ်၏။ ငါ့သျှင် ငါသည် ထိုအခါ၌ ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်းဟု သညာရှိသူကား ဖြစ်ခဲ့၏ဟု (မိန့်ဆို၏)။

သတ္တမသုတ်။