အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၆-အဓိမာနသုတ်
၈၆။ အခါတစ်ပါး၌ အသျှင်မဟာကဿပသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်မဟာကဿပသည် ရဟန်း တို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် ပြန်ကြားလျှောက်ထား ကြကုန်၏၊ အသျှင်မဟာကဿပသည် ဤစကားကို မိန့်ဆို၏ —
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ အခြား ( ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု သိ၏”ဟု အရဟတ္တဖိုလ်ကို ပြောကြား၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့် ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်၏၊ စုံစမ်း၏၊ မေးမြန်း၏။ ထိုရဟန်းသည် မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်လတ်သော် စုံစမ်း လတ်သော် မေးမြန်းလတ်သော် အချည်းနှီးဖြစ်ခြင်းသို့ ရောက်၏၊ ဂုဏ်ကင်းမဲ့ခြင်းသို့ ရောက်၏။ အကျိုးမဲ့ခြင်းသို့ ရောက်၏။ ပျက်စီးခြင်းသို့ ရောက်၏၊ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နှလုံးပြု၏။ “ဤအသျှင်သည် အဘယ်ကြောင့် ‘ပဋိသန္ဓေ နေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ အခြား ( ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု သိ၏’ဟု အရဟတ္တဖိုလ်ကို ပြောကြားဘိသနည်း”ဟု (နှလုံးပြု၏ )။
ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏ —
ဤအသျှင်သည် ဈာန်မဂ်ဖိုလ်ကို ရသူဟု အထင်ကြီးသူတည်း၊ အထင်ကြီးခြင်းကို အမှန်အားဖြင့် ပြောဆို၏၊ မရောက်သေးသည်၌ ရောက်၏ဟု အမှတ်ရှိ၏၊ မပြုရသေးသည်၌ ပြုပြီးဟု အမှတ်ရှိ၏၊ မရသေးသည်၌ ရပြီးဟု အမှတ်ရှိ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ အခြား ( ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု သိ၏”ဟု အရဟတ္တ ဖိုလ်ကို အထင်ကြီးမှုဖြင့် ပြောကြား၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နှလုံးပြု၏။ “ဤအသျှင်သည် အဘယ်ကို အမှီပြုလျက် ဈာန်မဂ်ဖိုလ်ရသည်ဟု အထင်ကြီးသည် အထင်ကြီးခြင်းကို အမှန်အားဖြင့် ပြောဆိုသည် မရောက်သေး သည်၌ ရောက်ပြီဟု အမှတ်ရှိသည် မပြုအပ်သေးသည်၌ ပြုအပ်ပြီဟု အမှတ်ရှိသည် မရသေးသည်၌ ရပြီဟု အမှတ်ရှိသည် ဖြစ်၍၊ ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ အခြား ( ပြုဖွယ်ကိစ္စ) မရှိတော့ပြီ”ဟု သိ၏ဟု အထင်ကြီးခြင်းဖြင့် အရဟတ္တဖိုလ်ကို ပြောကြားဘိသနည်း”ဟု (နှလုံးပြု၏ )။
ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏ —
ဤအသျှင်သည် အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကိုလည်း ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်,သဒ္ဒါနှင့် ပြည့်စုံ၍ အလုံးစုံ ပြည့်စုံစင်ကြယ်သော မြတ်သော အကျင့်ကို ဟောဖော်ပြတတ်ကုန်သော တရားတို့ကို ထိုအသျှင် သည် များစွာ ကြားနာအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် ဆင်ခြင်အပ်ကုန်၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏၊ ထို့ကြောင့် ဤအသျှင်သည် အထင်ကြီးသည် အထင်ကြီးခြင်းကို အမှန်အားဖြင့် ပြောဆိုသည် မရောက်ရသေးသည်၌ ရောက်ပြီဟု အမှတ်ရှိသည် မပြုရ သေးသည်၌ ပြုပြီးပြီဟု အမှတ်ရှိသည် မရသေးသည်၌ ရပြီးဟု အမှတ်ရှိသည် ဖြစ်၍ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ အခြား ( ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု သိ၏”ဟု အရဟတ္တဖိုလ်ကို အထင်ကြီးခြင်းဖြင့် ပြောကြား၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော် လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏ —
ဤအသျှင်သည် အဘိဇ္ဈာများသူတည်း၊ အခါများစွာ အဘိဇ္ဈာလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤအဘိဇ္ဈာလွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။
ဤအသျှင်သည် အမျက်ထွက်သူတည်း၊ အခါများစွာ အမျက်ထွက်မှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏။ ဤအမျက်ထွက်မှုလွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ’သာသနာတော်’ ၌ ဆုတ် ယုတ်မှုတည်း။
ဤအသျှင်သည် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ရှိသူတည်း၊ အခါများစွာ ထိုင်းမှိုင်းမှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ထိုင်းမှိုင်းမှုလွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ့်ယုတ်မှုတည်း။
ဤအသျှင်သည် ပျံ့လွင့်သူတည်း၊ အခါများစွာ ပျံ့လွင့်မှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤပျံ့လွင့်မှု လွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။
ဤအသျှင်သည် ယုံမှားသူတည်း၊ အခါများစွာ ယုံမှားမှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤယုံမှားမှု လွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။
ဤအသျှင်သည် အမှုသစ်၌ မွေ့လျော်၏၊ အမှုသစ်၌ နှစ်ခြိုက်၏၊ အမှုသစ်၌ မွေ့လျော်မှုကို အားထုတ်၏၊ ဤအမှုသစ်၌ မွေ့လျော်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာ တော်’ ၌ ဆုတ်ယုတ်မှုတည်း။
ဤအသျှင်သည် စကားများခြင်း၌ မွေ့လျော်၏၊ စကားများခြင်း၌ နှစ်ခြိုက်၏၊ စကားများခြင်း၌ မွေ့လျော်မှုကို အားထုတ်၏၊ ဤစကားများခြင်း၌ မွေ့လျော်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။
ဤအသျှင်သည် အိပ်ခြင်း၌ မွေ့လျော်၏၊ အိပ်ခြင်း၌ နှစ်ခြိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်မှုကို အားထုတ်၏၊ ဤအိပ်ခြင်း၌ မွေ့လျော်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာ တော်’ ၌ ဆုတ်ယုတ်မှုတည်း။
ဤအသျှင်သည် အပေါင်းအဖော်တို့၌ မွေ့လျော်၏၊ အပေါင်းအဖော်တို့၌ နှစ်ခြိုက်၏၊ အပေါင်းအဖော်တို့၌ မွေ့လျော်မှုကို အားထုတ်၏၊ ဤအပေါင်းအဖော်တို့၌ မွေ့လျော်ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။
ဤအသျှင်သည် အထက်၌ ပြုဖွယ်ရှိသေးလျက် အနည်းငယ်မျှ တရားအထူးကို ရခြင်းဖြင့် အကြား၌ ဆုတ်နစ်ခြင်း ( ပြီးဆုံးခြင်း) သို့ ရောက်၏။ ဤအကြား၌ ဆုတ်နစ်ခြင်းသို့ ရောက်ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်းဟု ပိုင်းခြား၍ သိ၏။ ငါ့သျှင်တို့ စင်စစ် ထိုရဟန်းသည် ဤတရားဆယ်မျိုးတို့ကို မပယ်ဘဲ ဤဓမ္မဝိနယ ‘သာသနာ တော်’၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ ငါ့သျှင်တို့ စင်စစ် ထိုရဟန်းသည် ဤတရားဆယ်မျိုးတို့ကို ပယ်လျှင် ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏ဟု (မိန့်ဆို၏ )။
ဆဋ္ဌသုတ်။