အင်္ဂုတ္တရနိကာယ်
(၁၁) ၁-သမ္ဗောဓဝဂ်
၂-ပဌမ အဿာဒသုတ်
၁ဝ၅။ ရဟန်းတို့ ငါသည် လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောက၌ ယင်းသာယာဖွယ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ သာယာဖွယ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါ ကောင်းစွာ မြင်ရပြီ။ ရဟန်းတို့ ငါသည် လောက၏ အပြစ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောက၌ ယင်း အပြစ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ အပြစ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။ ရဟန်းတို့ ငါသည် လောကမှ ထွက်မြောက်ရာကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောကမှ ထွက်မြောက် ရာကို သိရပြီ၊ လောကမှ ထွက်မြောက်ရာရှိရှိသမျှကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက် မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ ပိုင်ပိုင်နိုင်နိုင် မသိရသေးသမျှ ကာလပတ် လုံး နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါ ဝန်မခံခဲ့ပေ။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ ပိုင်ပိုင်နိုင်နိုင်သိသော အခါ၌မူကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွ သော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု့ဝန်ခံ၏။ “ငါ၏ အရဟတ္တ ဖိုလ်သည် မပျက်စီးနိုင်ပြီ၊ ဤဘဝသည် နောက်ဆုံးဘဝ ဖြစ်၏၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း သဘောသည် မရှိတော့ပြီ”ဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။