အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမ္ဗောဓဝဂ်

၃-ဒုတိယ အဿာဒသုတ်

၁ဝ၆။ ရဟန်းတို့ လောက၌ အကယ်၍ သာယာဖွယ် မရှိခဲ့လျှင် ဤသတ္တဝါတို့သည် မတပ်မက် တန်ရာ၊ ရဟန်းတို့ လောက၌ သာယာဖွယ်ရှိသောကြောင့်သာ သတ္တဝါတို့သည် တပ်မက်ကုန်၏။ ရဟန်းတို့ လောက၌ အကယ်၍ ဤအပြစ်မရှိခဲ့လျှင် ဤသတ္တဝါတို့သည် မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ လောက၌ အပြစ်ရှိသောကြောင့်သာ သတ္တဝါတို့သည် ငြီးငွေ့ကုန်၏။ ရဟန်းတို့ လောက၌ အကယ်၍ ဤထွက်မြောက်ရာ မရှိခဲ့လျှင် ဤသတ္တဝါတို့သည် လောကမှ မထွက်မြောက်ရာ၊ ရဟန်းတို့ လောက၌ ထွက်မြောက်ရာရှိသောကြောင့်သာ သတ္တဝါတို့သည် လောကမှ ထွက်မြောက်ကုန်၏။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ ပိုင်ပိုင်နိုင်နိုင် မသိသေးသမျှ ကာလပတ်လုံး သတ္တဝါတို့သည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ထွက်မြောက်လိုကုန် မစပ်ယှဉ်လိုကုန် ကင်းလွတ်လိုကုန်သည်ဖြစ်၍ (ကိလေသာ နှင့် ဝဋ်တို့၏) အပိုင်းအခြား မရှိခြင်းကို ပြုတတ်သော စိတ်ဖြင့် မနေကုန်။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိသောအခါ၌မူကား သတ္တဝါတို့သည် နတ် မာရ်နတ် ဗြဟ္မာ တို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောကမှ ထွက်မြောက်လိုကုန် မစပ်ယှဉ်လိုကုန် ကင်းလွတ်လိုကုန်သည် ဖြစ်၍ (ကိလေသာနှင့် ဝဋ်တို့၏) အပိုင်း အခြားမရှိခြင်းကို ပြုတတ်သော စိတ်ဖြင့် နေကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။