အင်္ဂုတ္တရနိကာယ်
(၁၁) ၁-သမ္ဗောဓဝဂ်
၄-သမဏဗြာဟ္မဏသုတ်
၁ဝ၇။ ရဟန်းတို့ ခပ်သိမ်းသော သမဏနှင့်ဗြာဟ္မဏတို့သည် လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိကုန်။ ရဟန်းတို့ ထို သမဏနှင့် ဗြာဟ္မဏတို့ကို သမဏတို့၌မူလည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထို အသျှင်တို့သည် သမဏ ဖြစ်ကျိုး (အရိယာမဂ်) ကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုး (အရိယာဖိုလ်) ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ မနေကြရကုန်။ ရဟန်းတို့ ခပ်သိမ်းသော သမဏနှင့် ဗြာဟ္မဏတို့သည် လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်း မှန်စွာ သိကုန်၏။ ရဟန်း တို့ ထို သမဏနှင့် ဗြာဟ္မဏတို့ကို သမဏတို့၌မူလည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထို အသျှင်တို့သည် သမဏဖြစ်ကျိုး (အရိယာမဂ်) ကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုး (အရိယာဖိုလ်) ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေကြရကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။