အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အာပါယိကဝဂ်

၃-အပ္ပမေယျသုတ်

၁၁၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ်လည်းကောင်း၊ နှိုင်းရှည့်ရန် ခက်သော ပုဂ္ဂိုလ်လည်းကောင်း၊ မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စိတ်ပျံ့လွင့်၏၊ ကျူပင်ကဲ့သို့ အချည်းနှီး တက်ကြွ၏၊ လျှပ်ပေါ်၏၊ နှုတ်ကြမ်း၏၊ ပြန့်ကျဲသော စကားရှိ၏၊ သတိ လွတ်ကင်း၏၊ ဆင်ခြင်ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏၊ ပေါ်လွင်သော ဣန္ဒြေရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ နှိုင်းရှည့်ရန် ခက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စိတ်မပျံ့လွင့်၊ ကျူပင်ကဲ့သို့ အချည်းနှီး မတက်ကြွ၊ လျှပ်ပေါ်ခြင်း မရှိ၊ နှုတ် မကြမ်းတမ်း၊ ပြန့်ကျဲသော စကားမရှိ၊ ထင်သော သတိ ရှိ၏၊ ဆင်ခြင်ဉာဏ် ရှိ၏၊ တည်ကြည်၏၊ တည်ကြည်သောစိတ် ရှိ၏၊ စောင့်စည်းအပ်သော ဣန္ဒြေရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှိုင်းရှည့်ရန် ခက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိလေသာတို့မှ ကင်းဝေး၏၊ အာသဝေါ ကုန်ပြီးဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မနှိုင်း ရှည့်နိုင်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။