အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အာပါယိကဝဂ်
၅-ဝိပတ္တိသမ္ပဒါသုတ်
၁၁၈။ ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သီလ၏ ပျက်စီးခြင်း၊ စိတ်၏ ပျက်စီးခြင်း၊ အယူ၏ ပျက်စီးခြင်းတို့တည်း။ ရဟန်းတို့ သီလ၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောလေ့ရှိ၏၊ ကုန်းစကားကို ဆိုလေ့ရှိ၏၊ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ဆိုလေ့ ရှိ၏။ ရဟန်းတို့ ဤသည်ကို သီလ၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ စိတ်၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ များ၏၊ ပျက်စီးစေလိုသော စိတ်ရှိ၏။ ရဟန်းတို့ ဤသည်ကို စိတ်၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ အယူ၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ပေးလှူခြင်းသည် မရှိ၁၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ဟုန်းပူဇော်ခြင်းသည် မရှိ၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၂၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့ မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု မှားသော အယူရှိ၏၊ ဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤသည်ကို အယူပျက်စီးခြင်းဟူ၍ ဆိုအပ်၏၊ ရဟန်းတို့ သီလ၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏။ ရဟန်းတို့ စိတ်၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏။ ရဟန်းတို့ အယူ၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက် ၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏။ ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်းဟူမူ— သီလ၏ ပြည့်စုံခြင်း၊ စိတ်၏ ပြည့်စုံခြင်း၊ အယူ၏ ပြည့်စုံခြင်းတို့တည်း။ ရဟန်းတို့ သီလ၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို သီလ၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ စိတ်၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ မများ၊ ပျက်စီးစေလိုသော စိတ်မရှိ။ ရဟန်းတို့ ဤသည်ကို စိတ်၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ အယူ၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ပေးလှူခြင်းသည် ရှိ၏၊ ယဇ်ပူဇော်ခြင်းသည် ရှိ၏၊ဟုန်းပူဇော်ခြင်းသည် ရှိ၏၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏”ဟု ကောင်းသော အယူရှိ၏၊ မဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤသည်ကို အယူ၏ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သီလ၏ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။ ရဟန်းတို့ စိတ်၏ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။ ရဟန်းတို့ အယူ၏ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
၁။ ပေးလှူခြင်း၏အကျိုးသည် မရှိဟု ဆိုလိုသည်။
၂။ အမိ၌ ကောင်းစွာပြုခြင်း မကောင်းပြုခြင်း၏ အကျိုးသည် မရှိဟု ဆိုလိုသည်။