အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အာပါယိကဝဂ်

၆-အပဏ္ဏကသုတ်

၁၁၉။ ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သီလ၏ ပျက်စီးခြင်း၊ စိတ်၏ ပျက်စီးခြင်း၊ အယူ၏ ပျက်စီးခြင်းတည်း၊ ရဟန်းတို့ သီလ၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သူ့အသက်သတ်လေ့ရှိ၏။ပ။ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏။ ရဟန်းတို့ ဤသည်ကို သီလ၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စိတ်၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ များ၏၊ ပျက်စီးစေလိုသော စိတ်ရှိ၏။ ရဟန်းတို့ ဤသည်ကို စိတ်၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အယူ၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ။ပ။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု မှားသော အယူရှိ၏၊ ဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤသည်ကို အယူ၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သီလ၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း။ပ။ ရဟန်းတို့ အယူ၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက် ၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏။ ရဟန်းတို့ ခြောက်မျက်နှာရှိ အန်စာသည် အထက်သို့ ပစ်မြှောက်အပ်သော် ကျရာ ကျရာ မျက်နှာဖြင့် သာလျှင် ကောင်းစွာရပ်တန့်လျက် တည်သကဲ့သို့ ဤအတူသာလျှင် သီလ၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည်။ပ။ ဖြစ်ရကုန်၏။ ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သီလ၏ ပြည့်စုံခြင်း၊ စိတ်၏ ပြည့်စုံခြင်း၊ အယူ၏ ပြည့်စုံခြင်းတို့တည်း။ ရဟန်းတို့ သီလ၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ရဟန်းတို့ ဤသည်ကို သီလ၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စိတ်၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ မများ၊ ပျက်စီးစေလိုသော စိတ်မရှိ။ ရဟန်းတို့ ဤသည်ကို စိတ်၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အယူ၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ပေးလှူခြင်းသည် ရှိ၏၊ ယဇ်ပူဇော်ခြင်းသည် ရှိ၏။ပ။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြား နိုင်ကုန်သော သူတို့သည် လောက၌ ရှိကုန်၏”ဟု မှန်ကန်သောအယူရှိ၏၊ မဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤသည်ကို အယူ၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သီလ၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။ ရဟန်းတို့ စိတ်၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း။ပ။ ရဟန်းတို့ အယူ၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။ ရဟန်းတို့ ခြောက်မျက်နှာရှိ အန်စာသည် အထက်သို့ ပစ်မြှောက်အပ်သော် ကျရာ ကျရာ မျက်နှာဖြင့်သာလျှင် ကောင်းစွာ ရပ်တန့်လျက် တည်သကဲ့သို့၊ ဤအတူသာလျှင် သီလ၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။ စိတ်၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည်။ပ။ အယူ၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။