အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ကုသိနာရဝဂ်
၇-ပဌမ အနုရုဒ္ဓသုတ်
၁၃ဝ။ ထိုအခါ အသျှင်အနုရုဒ္ဓါမထေရ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား— “အသျှင်ဘုရား တပည့်တော်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ ကျရောက်နေရသော မာတုဂါမကို အများအားဖြင့် မြင်ရပါ၏။ အသျှင်ဘုရား အဘယ်တရားတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ ကျရောက်ရ ပါသနည်း”ဟု လျှောက်၏။
အနုရုဒ္ဓါတရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ ကျရောက် ရလေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အနုရုဒ္ဓါ ဤလောက၌ မာတုဂါမသည် နံနက်အခါ၌ ဝန်တိုခြင်း (မစ္ဆရိယ)ဟူသော အညစ်အကြေး ထကြွသောင်းကျန်းသောစိတ်ဖြင့် အိမ်၌ နေ၏၊ မွန်းတည့်အချိန်၌ သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်းဟူသော (ဣဿာ)တရား ထကြွသောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ ညချမ်းအချိန်၌ ကာမရာဂထကြွသောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏။ အနုရုဒ္ဓါ ဤတရား သုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ ကျရောက်ရလေ၏ဟု (မိန့် တော်မူ၏)။
သတ္တမသုတ်။