အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ကုသိနာရဝဂ်

၉-ပဋိ စ္ဆ န္နသုတ်

၁၃၂။ ရဟန်းတို့ ဤသုံးမျိုးတို့သည် ဖုံးကွယ်ထားအပ်ကုန်မှသာ ဂုဏ်သရေကို ဆောင်နိုင်ကုန်၏၊ ဖွင့်ဖော်ထားအပ်ကုန်သော် ဂုဏ်သရေကို မဆောင်နိုင်ကုန်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မာတုဂါမသည် ဖုံးကွယ်ထားအပ်မှသာ ဂုဏ်သရေကို ဆောင်နိုင်၏၊ ဖွင့်ဖော်ထားအပ်သော် ဂုဏ်သရေကို မဆောင်နိုင်။ ရဟန်းတို့ ပုဏ္ဏားတို့၏ ဗေဒင်မန္တာန်တို့သည် ဖုံးကွယ်ထားအပ်ကုန်မှသာ ဂုဏ်သရေကို ဆောင်နိုင်ကုန်၏၊ ဖွင့်ဖော်ထားအပ်ကုန်သော် ဂုဏ်သရေကို မဆောင်နိုင်ကုန်။ ရဟန်းတို့ မှားသော အယူသည် ဖုံးကွယ်ထားအပ်မှသာ ဂုဏ်သရေကို ဆောင်နိုင်၏၊ ဖွင့်ဖော်ထားအပ်သော် ဂုဏ်သရေကို မဆောင်နိုင်။ ရဟန်းတို့ ဤသုံးမျိုးတို့သည် ဖုံးကွယ်ထားအပ်ကုန်မှသာ ဂုဏ်သရေကို ဆောင်နိုင်ကုန်၏၊ ဖွင့်ဖော်ထားအပ်ကုန်သော် ဂုဏ်သရေကို မဆောင်နိုင်ကုန်။

ရဟန်းတို့ ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ တင့်တယ်ကုန်၏၊ ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ လဝန်းသည် ပွင့်လင်းသော်သာ တင့်တယ်၏၊ ဖုံးကွယ်သော် မတင့်တယ်၊ ရဟန်းတို့ နေဝန်းသည် ပွင့်လင်းသော်သာ တင့်တယ်၏၊ ဖုံးကွယ်သော် မတင့်တယ်၊ ရဟန်းတို့ မြတ်စွာဘုရား ဟောကြားသည့်တရားတော်သည် ပွင့်လင်းသော်သာ တင့်တယ်၏၊ ဖုံးကွယ်သော် မတင့်တယ်။ ရဟန်းတို့ ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ တင့်တယ်ကုန်၏၊ ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။