အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ကုသိနာရဝဂ်
၁ဝ-လေခသုတ်
၁၃၃။ ရဟန်းတို့ လောက၌ ပုဂ္ဂိုလ်သုံးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကျောက်၌ ရေးထွင်းထားသော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်၊ မြေ၌ ရေးခြစ်အပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်၊ ရေ၌ ရေးသားအပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ ကျောက်၌ ရေးထွင်းထားသော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အစဉ်မပြတ် အမျက်ထွက်တတ်၏၊ ထိုသူ၏ ထို အမျက်သည်လည်း နေ့ညဉ့် ရှည်စွာ ကိန်းအောင်းနေ၏။ ရဟန်းတို့ ကျောက်၌ ရေးထွင်းထားသော အက္ခရာသည် လေကြောင့် ဖြစ်စေ ရေကြောင့်ဖြစ်စေ လျင်စွာ မပျက်စီးသကဲ့သို့၊ ကြာမြင့်စွာ တည်သကဲ့သို့ ဤအတူသာလျှင် လောက၌ အချို့သော ပုဂ္ဂိုလ်သည် အစဉ်မပြတ် အမျက်ထွက်တတ်၏၊ ထို ပုဂ္ဂိုလ်၏ ထို အမျက်သည် နေ့ညဉ့်ရှည်စွာ ကိန်းအောင်းနေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကျောက်၌ ရေးထွင်းထားသော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ မြေ၌ ရေးခြစ်အပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အစဉ်မပြတ် အမျက်ထွက်တတ်၏၊ ထို ပုဂ္ဂိုလ်၏ ထို အမျက်သည် ကား နေ့ညဉ့်ရှည်စွာ ကိန်းအောင်း မနေ။ ရဟန်းတို့ မြေ၌ ရေးခြစ်အပ်သော အက္ခရာသည် လေကြောင့် ဖြစ်စေ ရေကြောင့်ဖြစ်စေ လျင်စွာ ပျက်စီးသကဲ့သို့၊ ကြာမြင့်စွာ မတည်သကဲ့သို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အစဉ်မပြတ် အမျက်ထွက်တတ်၏၊ ထို ပုဂ္ဂိုလ်၏ ထို အမျက်သည်ကား နေ့ညဉ့်ရှည်စွာ ကိန်းအောင်း မနေ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မြေ၌ ရေးခြစ်အပ်သော အက္ခရာနှင့်တူသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ ရေ၌ ရေးသားအပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရုန့်ရင်းသောစကား ကြမ်းကြုတ်သောစကား မနှစ်သက် ဖွယ်သောစကားဖြင့် ဆိုအပ်သော်လည်း ဆက်သွယ်သည်သာ နှီးနှောသည်သာ ပေါင်းသင်းမြဲ ပေါင်းသင်းသည်သာတည်း။ ရဟန်းတို့ ရေ၌ ရေးသားအပ်သော အက္ခရာသည် လျင်စွာ ကင်းပျောက်လွယ်သကဲ့သို့၊ ကြာမြင့်စွာ မတည်နိုင်သကဲ့သို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရုန့်ရင်းသော စကား ကြမ်းကြုတ်သောစကား မနှစ်သက်ဖွယ်သောစကားဖြင့် ဆိုအပ်သော်လည်း ဆက်သွယ်သည်သာ နှီးနှောသည်သာ ပေါင်းသင်းမြဲပေါင်းသင်းသည်သာတည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ရေ၌ ရေးသားအပ် သော အက္ခရာနှင့်တူသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက် ကုသိနာရဝဂ် ပြီး၏။