အင်္ဂုတ္တရနိကာယ်
(၁၅) ၅-မင်္ဂလဝဂ်
၅-ပဌမ ခတသုတ်
၁၅၁။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲ မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏၊ များစွာလည်း မကောင်းမှုကို တိုးပွါးစေ၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— အကုသိုလ်ကာယကံ၊ အကုသိုလ် ဝစီကံ၊ အကုသိုလ်မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြိုဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏၊ များစွာလည်း မကောင်းမှုကို တိုးပွါးစေ၏။
ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်၊ များစွာလည်းကောင်း မှုကို တိုးပွါးစေ၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကုသိုလ်ကာယကံ၊ ကုသိုလ်ဝစီကံ၊ ကုသိုလ်မနောကံတို့တည်း။ပ။
ပဉ္စမသုတ်။