အင်္ဂုတ္တရနိကာယ်

(၁၆) ၆-အစေလကဝဂ်

၁၅၇—၁၆၃။ ရဟန်းတို့ အကျင့်တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— လောဘ၏ အစွမ်းအားဖြင့် မြဲမြံစွာ ယူသော အကျင့်၊ မိမိကိုယ်ကို လောင်မြိုက်စေတတ်သော အကျင့်၊ အလယ်အလတ်ဖြစ်သော အကျင့်တို့တည်း။ ရဟန်းတို့ လောဘ၏ အစွမ်းအားဖြင့် မြဲမြံစွာ ယူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ကာမဂုဏ်တို့၌ အပြစ်မရှိ”ဟု ဤသို့ ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ရှိ၏၊ ထို ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ အလိုရှိတိုင်း သုံးဆောင်ခံစားခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို လောဘ၏ အစွမ်းအားဖြင့် မြဲမြံစွာ ယူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ မိမိကိုယ်ကို လောင်မြိုက်စေတတ်သော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာ ကျင့်၏၁၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင် လာပါလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင် ရပ်ပါဦးလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ မိမိ မကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ်သော ဆွမ်းကို မခံ၊ အိုးဝမှ (ကော်၍လောင်းသော) ဆွမ်းကို မခံ၊ တောင်းဝမှ (ကော်၍လောင်းသော) ဆွမ်းကို မခံ၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ ကျည်ပွေ့ ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ နှစ်ယောက်စားနေစဉ်မှ (ထ၍ လောင်းသော) ဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ နို့တိုက်ဆဲ မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ ယောကျာ်းနှင့်နှီးနှောနေသော မိန်းမ၏ (ဆွမ်းကို) မခံ၊ ဆော်သြစုပေါင်း၍ (လောင်းသော) ဆွမ်းတို့ကို မခံ၊ ခွေးမျှော်နေရာမှ (ဆွမ်းကို) မခံ၊ ယင်အုံနေရာမှ (ဆွမ်းကို) မခံ၊ ငါးမစား၊ အမဲမစား၊ သေ မသောက်၊ အရက်မသောက်၊ ဖွဲ၌ မြှုပ်သော ဆေးရည်ကို မသောက်၊ ထို တက္ကတွန်းသည် တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုပ်သာ စား၏၊ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏။ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ခွက်ငယ် ခုနစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာ စား၏၊ နှစ်ရက်ခြားလည်း အစာ စား၏၊ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင် အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်း အကျင့်ကို ကျင့်လျက် နေ၏၊ ထို တက္ကတွန်းသည် ဟင်းရွက်စိမ်းကိုသော်လည်း စားနေ၏၊ ပြောင်းဆန်၂ကိုသော်လည်း စားနေ၏၊ ကျိတ်သီးဆန်၃ကိုသော်လည်း စားနေ၏၊ သားရေဖတ် အစအနကိုသော်လည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနု၄ကိုသော်လည်း စားနေ၏၊ ထမင်းရေ၅ကိုသော်လည်း သောက်နေ၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စားနေ၏၊ မြက်ကိုသော်လည်း စားနေ၏၊ နွားချေးကိုသော်လည်း စားနေ၏၊ တောသစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကို စားလျက် မျှတ၏၊ ထို တက္ကတွန်းသည် ပိုက်ဆံလျှော် အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကိုလည်း ဝတ်၏၊ သူသေ ကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်း ဝတ်၏၊ သစ်ခေါက်အဝတ်တို့ကိုလည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်းမြက် အဝတ် ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံချည်ကမ္ဗလာ ကိုလည်း့ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုပ်ငှက်တောင် အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်းအမှုကို အားထုတ်၏၊ ထိုင်ရန် နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏၊ ဆောင့်ကြောင့်လည်း ထိုင်နေ၏၊ ဆောင့်ကြောင့် ထိုင်နေခြင်းအမှုကို အားထုတ်၏၊ ဆူးအခင်းပေါ်၌ နေ၏၊ ဆူးအခင်းပေါ်၌ အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်း အမှုကိုလည်း အားထုတ်၏။ ဤနည်းဖြင့် ဤသို့သဘောရှိသော ကိုယ်ကို အလွန်အမင်း ပူပန်စေသော များစွာသော အကျင့်ကို မပြတ်အားထုတ်လျက် နေ၏။ ရဟန်းတို့ ဤအကျင့်ကို (မိမိကိုယ်ကို) လောင်မြိုက်စေတတ်သော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် လောက၌ တပ်မက်ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ကို ပယ်ဖျောက်၍ (ဆံအစရှိသော) ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် လောက၌ တပ်မက်ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအကျင့်ကို အလယ် အလတ်ဖြစ်သော အကျင့် ‘မဇ္ဈိမပဋိပဒါ’ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

ရဟန်းတို့ အကျင့်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— လောဘ၏ အစွမ်း အားဖြင့် မြဲမြံစွာယူသော အကျင့်၊ မိမိကိုယ်ကို လောင်မြိုက်စေတတ်သော အကျင့်၊ အလယ်အလတ် ဖြစ်သော အကျင့်တို့တည်း။ ရဟန်းတို့ လောဘ၏ အစွမ်းအားဖြင့် မြဲမြံစွာ ယူသော အကျင့်ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဤအကျင့်ကို မြဲမြံစွာ ယူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ (မိမိကိုယ်ကို) လောင်မြိုက်စေတတ်သော အကျင့်ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဤအကျင့်ကို (မိမိကိုယ်ကို) လောင်မြိုက်စေတတ်သော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာ၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ကို မဖြစ်စေရန် ကုသိုလ်ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယ စိုက်၏၊ စိတ်ကို ပင့်မြှောက်၏၊ ကြိုးစား၏။ ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ကုသိုလ်ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယစိုက်၏၊ စိတ်ကို ပင့်မြှောက်၏၊ ကြိုးစား၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ကုသိုလ်ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယစိုက်ထုတ်၏၊ စိတ်ကို ပင့်မြှောက်၏၊ ကြိုးစား၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်မပျက်စေရန် ကြီးပွါးစည်ပင်ရန် ကျယ်ပြန့်စေရန် ပွါးများရန် ပြည့်စုံစေရန် ကုသိုလ်ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယစိုက်၏၊ စိတ်ကို ပင့်မြှောက်၏၊ ကြိုးစား၏။ (၂)

ဆန္ဒကို အကြီးအမှူးပြု၍ ဖြစ်သော သမာဓိ, အားထုတ်ခြင်း ဝီရိယဟူသော သင်္ခါရနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို အကြီးအမှူးပြု၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို အကြီးအမှူးပြု၍ ဖြစ်သော သမာဓိ။ပ။ ပညာကို အကြီးအမှူးပြု၍ ဖြစ်သော သမာဓိ, အားထုတ်ခြင်း ဝီရိယဟူသော သင်္ခါရ နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ပ။ (၃)

သဒ္ဓိန္ဒြေကို ပွါးများ၏။ ဝီရိယိန္ဒြေကို ပွါးများ၏။ သတိန္ဒြေကို ပွါးများ၏။ သမာဓိန္ဒြေကို ပွါးများ၏။ ပညိန္ဒြေကို ပွါးများ၏။ပ။ (၄)

သဒ္ဓါဗိုလ်ကို ပွါးများ၏။ ဝီရိယဗိုလ်ကို ပွါးများ၏။ သတိဗိုလ်ကို ပွါးများ၏။ သမာဓိဗိုလ်ကို ပွါးများ၏။ ပညာဗိုလ်ကို ပွါးများ၏။ပ။ (၅)

သဘိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ (၆)

သမ္မာဒိဋ္ဌိကို ပွါးများ၏။ သမ္မာသင်္ကပ္ပကို ပွါးများ၏။ သမ္မာဝါစာကို ပွါးများ၏။ သမ္မာကမ္မ န္တကို ပွါးများ၏။ သမ္မာအာဇီဝကို ပွါးများ၏။ သမ္မာဝါယာမကို ပွါးများ၏။ သမ္မာသတိကို ပွါးများ၏။ သမ္မာ သမာဓိကို ပွါးများ၏။ ရဟန်းတို့ ဤအကျင့်ကို အလယ်အလတ်ဖြစ်သော အကျင့်ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ (၇)

ခြောက်ခုမြောက် အစေလကဝဂ် ပြီး၏။

၁။ အမျိုးကောင်းသားတို့၏ အလေ့အထဟူသမျှကို ပယ်၍ ရပ်လျက် ကျင်ကြီးကျင်ငယ် စွန့်ခြင်း စသည်ကို ပြုခြင်းပင်တည်း။

၂။ ဂျုံဆန် သို့မဟုတ် ဆန်စိမ်းဟု အချို့မူများ၌ ပြန်၏။

၃။ မြက်သီးဆန် သို့မဟုတ် ဆန်တစ်မျိုးဟု အချို့မူများ၌ ပြန်၏။

၄။ ကဏောပိ တဏ္ဍုလံ ပရိယောနန္ဓိ— ဖွဲနုသည်လည်း ဆန်ကို မြှေးယှက်၏၊ ပါထိကဝဂ် အဂ္ဂညသုတ်နှင့်အညီ ကဏ—ကို ဖွဲနုဟု ပြန်သည်။

၅။ ထမင်းချိုးလည်းဟူ၏။