အင်္ဂုတ္တရနိကာယ်

(၁၅) ၅-မင်္ဂလဝဂ်

၁ဝ-ပုဗ္ဗဏှသုတ်

၁၅၆။ ရဟန်းတို့ နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော သတ္တဝါတို့အား ကောင်းသော နံနက်ခင်း ဖြစ်ပေ၏။

ရဟန်းတို့ နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော သတ္တဝါတို့အား ကောင်းသော နေ့လယ်ခင်း ဖြစ်ပေ၏။

ရဟန်းတို့ ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော သတ္တဝါတို့အား ကောင်းသော ညချမ်းအခါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

(သုစရိုက်နှင့်ပြည့်စုံသော နေ့သည်) ကောင်းသော နက္ခတ်နှင့်လည်း ယှဉ်သည် မည်၏၊ ကောင်းသော မင်္ဂလာလည်း ဖြစ်ပေ၏၊ ကောင်းသော မိုးသောက်လည်း မည်၏၊ ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏၊ ကောင်းသော ခဏလည်း မည်၏၊ ကောင်းသော မုဟုတ်လည်း မည်၏၊ (သုစရိုက်နှင့် ပြည့်စုံသည့် အခါဝယ်) မြတ်သော အကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်းကောင်း စွာ ပူဇော်ခြင်း မည်၏။ (သုစရိုက်နှင့် ပြည့်စုံသော နေ့၌) ကိုယ်ဖြင့် ပြုသော အမှုသည် ပွါးစီးသော ကာယကံ မည်၏၊ နှုတ်ဖြင့် ပြုသော အမှုသည် ပွါးစီးသော ဝစီကံ မည်၏၊ စိတ်ဖြင့် ပြုသော အမှုသည် ပွါးစီးသော မနောကံ မည်၏၊ ပွါးစီးသော ထို ကံတို့ကို ဆောက်တည်သည် မည်၏၊ ပွါးစီးသော ထို ကံတို့ကို ပြုပြီး၍ ပွါးစီးသော အကျိုးတို့ကို ရကုန်၏။ အကျိုးကို ရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန် စည်ပင်ပြန့်ပွါးကုန်သည် ဖြစ်၍ ရောဂါ မရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြစေကုန်သတည်း။

ဒသမသုတ်။

ငါးခုမြောက် မင်္ဂလဝဂ် ပြီး၏။

တတိယ သုတ်ငါးဆယ် ပြီး၏။