အင်္ဂုတ္တရနိကာယ်

၃-ပုဂ္ဂလဝဂ်

၁-သမိဒ္ဓသုတ်

၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင် သမိဒ္ဓမထေရ်နှင့် အသျှင်မဟာကောဋ္ဌိကမထေရ်တို့သည် အသျှင်သာရိပုတြာထံသို့ ချည်းကပ်ကြကုန်ပြီး၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သမိဒ္ဓကို အသျှင်သာရိပုတြာသည် “ငါ့သျှင်သမိဒ္ဓ ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်”ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။

ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်သူ’ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် သဒ္ဓါတရားဖြင့် ကိလေသာ မှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ် ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။

ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်မဟာကောဋ္ဌိကအား “ငါ့သျှင်ကောဋ္ဌိက ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်”ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။

ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယ သက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ဤပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ်အား သမာဓိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။

ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာအား “ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာ ပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်”ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။

ငါ့သျှင်ကောဋ္ဌိက ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယ သက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်၏။ ဤပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန် မြတ်သောပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ် အား ပညိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။

ထိုအခါ အသျှင်သာရိပုတြာမထေရ်သည် အသျှင်သမိဒ္ဓအားလည်းကောင်း၊ အသျှင်မဟာကောဋ္ဌိကအားလည်းကောင်း “ငါ့သျှင်တို့ ငါတို့အားလုံးသည် မိမိ၏ ဉာဏ်အမြင်အားလျော်စွာ ပြောဆိုအပ်၏။ ငါ့သျှင် တို့ လာ, သွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ထို အကြောင်းကို လျှောက် ထားကုန်အံ့၊ မြတ်စွာဘုရားသည် ငါတို့အား မိန့်ကြားတော်မူလိမ့်မည်၊ ထို မိန့်တော်မူသော အတိုင်း ထို အကြောင်းကို မှတ်သားကုန်အံ့”ဟု ဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓသည်လည်းကောင်း၊ အသျှင်မဟာကောဋ္ဌိကသည်လည်းကောင်း အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ ထိုအခါ အသျှင် သာရိပုတြာသည်လည်းကောင်း၊ အသျှင် သမိဒ္ဓသည်လည်းကောင်း၊ အသျှင် မဟာကောဋ္ဌိကသည့်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်ပြီး၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးလျှင် အသျှင်သာရိပုတြာသည် အသျှင်သမိဒ္ဓနှင့်လည်းကောင်း၊ အသျှင်မဟာကောဋ္ဌိက နှင့်လည်းကောင်း အတူ ပြောဆိုဆွေးနွေးခဲ့သော စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်၏။

သာရိပုတြာ ဤအရာ၌ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ပြောဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ) သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ် အလို့ငှါ ကျင့်ပြီးဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ ထိုသို့သော အကြောင်းသည် ရှိ၏။

သာရိပုတြာ ဤအရာ၌ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ)— သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်အလို့ငှါ ကျင့်ပြီးဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရား ဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏၊ ထိုသို့သော အကြောင်းသည်လည်း ရှိ၏။

သာရိပုတြာ ဤအရာ၌ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ)— သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်အလို့ငှါ ကျင့်ပြီးဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ ထိုသို့သော အကြောင်းသည်လည်း ရှိ၏။ သာရိပုတြာ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန် မြတ်သော ပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူဟု (မိန့်တော်မူ၏)။

ပဌမသုတ်။