အင်္ဂုတ္တရနိကာယ်
၃-ပုဂ္ဂလဝဂ်
၁ဝ-အဝကုဇ္ဇသုတ်
၃ဝ။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ ခါးပိုက်နှင့်တူသော ပညာရှိ သော ပုဂ္ဂိုလ်လည်းကောင်း၊ ကြီးကျယ်သော ပညာရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကိုလည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်း။ ရဟန်းတို့ မှောက်ထားသော အိုး၌ လောင်းထည့် အပ်သော ရေသည် (ဘေးသို့သာ) လျှောကျ၍ (အိုးထဲ၌) မတည်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် လောက၌ အချို့သောပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏။ ထိုပုဂ္ဂိုလ် အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင် ့ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကိုလည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မှောက်ထားသော အိုးနှင့်တူသည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ် အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထိုတရားနာရာနေရာမှ ထသော်ကား ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။ ရဟန်းတို့ ယောကျာ်း၏ (ပုဆိုး)ခါးပိုက်အတွင်း၌ နှမ်း ဆန် ကတွတ်မုန့် ဆီးသီးစသော အထူးထူးသော ခဲဖွယ်များ ရောပြွမ်းလျက် ရှိကုန်၏။ ထိုသူသည် ထို နေရာမှ ထသော် သတိမေ့လျော့ခြင်းကြောင့် (ထို ခဲဖွယ်အားလုံးတို့ကို) ဖရိုဖရဲ ဖြန့်ကျဲလိုက်မိသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရား ကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌နေလျက်တရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံး သွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်ကား ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ခါးပိုက်နှင့်တူသည့် ပညာရှိသောပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌့အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံး သွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။ ရဟန်းတို့ လှန်ထားသော အိုး၌ လောင်းထည့် သော ရေသည် တည်နေ၍ မလျှောကျသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရား စကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရား စကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ပညာကင်းမဲ့၍ ဆင်ခြင်ဉာဏ်မရှိသော မှောက်ထားသော အိုးနှင့် တူသော ပညာရှိ သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံသို့ အကယ်၍ မပြတ်သွားရောက်စေကာမူ ထိုသို့ သော ပုဂ္ဂိုလ်သည်တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူရန် မစွမ်းနိုင်၊ ထိုပုဂ္ဂိုလ်အား ပညာဉာဏ်မရှိသည် သာတည်း။ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ကို ထို မှောက်ထားသော အိုးနှင့်တူသည့် ပညာရှိသော ပုဂ္ဂိုလ်ထက် မြတ်၏ဟု ဆိုအပ်၏၊ (ထိုပုဂ္ဂိုလ်သည်) ရဟန်းတို့ထံသို့ မပြတ်သွားရောက်စေကာမူ ထိုသို့သော ပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေ လျက်တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူပြီး၍ နေရာမှထသော်ကား သဒ္ဒါပုဒ်ဗျည်းကို အပြားအားဖြင့် မသိ၊ ထိုပုဂ္ဂိုလ်သည် နာယူပြီးတရားကိုလည်း မေ့လျော့၏။ ကြီးကျယ်သော ပညာရှိသည့် ပုဂ္ဂိုလ်ကို ထို ဆိုပြီး ပုဂ္ဂိုလ်တို့ထက် မြတ်၏ဟု ဆိုအပ်၏၊ ထို ဂုဏ်နှင့်ပြည့်စုံသော သူသည် ရဟန်းတို့ထံသို့ မပြတ်သွားရောက်သည် ဖြစ်အံ့။ တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း ထို နေရာ၌ နေလျက် မှတ်ယူပြီး၍ (နေရာမှထသော်လည်း) သဒ္ဒါပုဒ်ဗျည်း ကို ဆောင်နိုင်၏၊ မြတ်သော အကြံအစည်ရှိသော ယုံမှားကင်းသော စိတ်ရှိသော ထိုပုဂ္ဂိုလ်သည် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်သည်ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်ရာ၏။
ဒသမသုတ်။
သုံးခုမြောက် ပုဂ္ဂလဝဂ် ပြီး၏။