အင်္ဂုတ္တရနိကာယ်

၄-ဒေဝဒူတဝဂ်

၁-သဗြဟ္မကသုတ်

၃၁။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊ ထို အမျိုးတို့သည် “ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် “လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် “အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။ ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အမိအဖတို့ကို သားသမီးတို့၏ “ဗြဟ္မာ”ဟူ၍လည်းကောင်း၊ “လက်ဦးဆရာ”ဟူ၍လည်းကောင်း၊ သားသမီးတို့၏ “အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ်ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထို အမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏၊ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း အဝတ်အရုံဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်း ကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေတို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏။

ပဌမသုတ်။