အင်္ဂုတ္တရနိကာယ်

(၆) ၁-ဗြာဟ္မဏဝဂ်

၈-တိကဏ္ဏသုတ်

၅၉။ ထိုအခါ တိကဏ္ဏပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရား၏ မျက်မှောက်၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ပုဏ္ဏားတို့၏ ဂုဏ်ကို ဤသို့ပြောဆို၏— “ဝိဇ္ဇာသုံးမျိုးနှင့် ပြည့်စုံသော ပုဏ္ဏားတို့သည် ဤသို့လည်း (ပညာရှိ) ဖြစ်ကုန်၏၊ ဝိဇ္ဇာသုံးမျိုးနှင့် ပြည့်စုံသော ပုဏ္ဏားတို့သည် ဤအကြောင်းကြောင့်လည်း (ပညာရှိ) ဖြစ်ကုန်၏”ဟု (ပြောဆို၏)။ ပုဏ္ဏား အဘယ်သို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးမျိုးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပြောဆိုပညတ်ကုန်သနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ အကဲ့ရဲ့မခံရ၊ ဝေဒကျမ်းလာဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏။ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်း၁နှင့် တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်း၂ကို တတ်၏၊ ဗျာကရုဏ်းကျမ်း၃ကို တတ်၏၊ လောကာယတကျမ်း၄ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ အသျှင်ဂေါတမ ဤသို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပညတ် ကုန်၏ဟု (လျှောက်၏)။

ပုဏ္ဏား ပုဏ္ဏားကို ဝိဇ္ဇာသုံပါးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပညတ်ပြောဆိုကြသည်ကား အခြား တစ်ပါးတည်း၊ အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အဘယ်သို့လျှင် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်း ဖြစ်သနည်း၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါး ဖြစ်ပုံတရားကို အကျွန်ုပ်အား ဟောကြားတော်မူပါဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်လျှင် နာလော့၊ ့ကောင်းစွာ နှလုံးသွင်းလော့၊ ငါ ဟောအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု တိကဏ္ဏပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွ ဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန် သို့ ရောက်၍ နေ၏။ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်စေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦး ကပင်လျှင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ တို့ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုသူသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုသူသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝအရာကိုလည်းကောင်း၊ ဘဝ အထောင်ကိုလည်းကောင်း၊ ဘဝအသိန်းတို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည် သော ဘဝ၌ ဤသို့သောအမည် ဤသို့သောအနွယ် ဤသို့သောအဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ရှိ၏၊ ဤသို့ အသက်အပိုင်းအခြား ရှိခဲ့၏။ ထို ငါသည် ထို ဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထို ဘဝ၌လည်း ဤသို့သောအမည် ဤသို့သောအနွယ် ဤသို့သော အဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခဲ့ရခြင်း ရှိ၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏။ ထို ငါသည် ထို ဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ထိုသူအား ဤရှေးဦးစွာ သော အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား ‘အဝိဇ္ဇာ’ မှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်းဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင် ပျောက်၍ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်၏။

ဤသို့လျှင် တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော့်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါ မကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံ အားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏— “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲ တတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထိုသူတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို သတ္တဝါတို့သည် ခန ္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ကုန်၏”ဟု (သိ၏)။ ဤသို့လျှင် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါ မကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ ထို ပုဂ္ဂိုလ်အား ဤနှစ်ခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည် ဖြစ်၍ နေသောသူအား (အဝိဇ္ဇာ) မှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏။

ဤသို့လျှင် တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် “ဤကား ဆင်းရဲ”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား “ဆင်းရဲဖြစ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤသည်တို့ကား အာသဝေါတရားတို့တည်း”ဟုဟုတ်မှန်သောအ တိုင်း သိ၏၊ “ဤကား အာသဝေါတရားတို့၏ ဖြစ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား အာသဝေါတရားတို့ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား အာသဝေါတရားတို့ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသို့ သိသော ဤသို့ မြင်သော ထိုသူ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ် မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို့ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ ထိုသူအား ဤသုံးခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား (အဝိဇ္ဇာ) မှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့၊ မသိမှု ‘အဝိဇ္ဇာ’သည် ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။

နိမ့်တုံ မြင့်တုံ မဟုတ် (ကြီးပွါး) သော သီလနှင့် ပြည့်စုံသော၊ ရင့်သော ပညာလည်း ရှိသော၊ ဈာန်ဝင်စားလေ့ရှိသော အကြင် ပုဂ္ဂိုလ်၏ စိတ်သည် ဈာန်ကို လေ့လာပြီးဖြစ်၍ တစ်ခုတည်းသော အာရုံရှိ၏။ ကောင်းစွာ တည်ကြည်၏။ အဝိဇ္ဇာမှောင်ကို ပယ်ဖျောက်ပြီးဖြစ်၍ သမာဓိနှင့် ပြည့်စုံလျက် သေခြင်းတရားကို ပယ်ရှားပြီးသော၊ နတ်လူတို့၏ အစီးအပွါးကို ဆောင်တတ်သော၊ အလုံးစုံသော အကုသိုလ်တရားကို ပယ်စွန့်ပြီးသော ထို ပုဂ္ဂိုလ်ကို စင်စစ် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ဆိုကြကုန်၏။ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၍ မတွေဝေဘဲ နေလေ့ရှိသော၊ သစ္စာလေးပါးကို သိသော၊ အဆုံးစွန်သော ကိုယ်ကို ဆောင်သော၊ ဂေါတမအနွယ်ဖြစ်သော ထို ပုဂ္ဂိုလ်ကို ရှိခိုးကြကုန်၏။ အကြင် ပုဂ္ဂိုလ်သည် ရှေး၌ဖြစ်ဖူးသည်ကို သိ၏၊ နတ်ဘုံအပါယ်ဘုံတို့ကိုလည်း မြင်၏၊ ထိုမှတစ်ပါး ဇာတိ၏ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ ထူးသော ဉာဏ် ဖြင့် သိ၍ အပြီးအဆုံးသို့ ရောက်၏၊ မောနေယျတရားရှိ၏။ (ထို ပုဂ္ဂိုလ်သည်) ဤဝိဇ္ဇာသုံးပါးတို့ဖြင့် တေဝိဇ္ဇပုဏ္ဏား ဖြစ်၏၊ ထို ပုဂ္ဂိုလ်ကိုသာ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ငါဆို၏၊ တစ်ပါးသူတို့ ပြောသည်ကို လိုက်၍ ပြောတတ်ကာမျှဖြစ်သူကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ငါမဆိုဟု (မိန့်တော်မူ၏)။

ပုဏ္ဏား ဤသို့လျှင် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ပုဏ္ဏားတို့၏ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးပါတည်း၊ အရိယာ သူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးပါတည်း။ အသျှင်ဂေါတမ ပုဏ္ဏား တို့၏ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းသည် အရိယာသူမြတ်တို့၏ အဆုံးအမဖြစ်သော ဤဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကို တစ်ဆယ့်ခြောက် စိတ်စိတ်၍ တစ်စိတ်မျှကိုလည်း မမှီနိုင်ပါ။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက် ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

အဋ္ဌမသုတ်။

၁။ မဟာဘာရတစသော ရှေးဟောင်းသမိုင်းရာဇဝင်ပုံပြင်ကျမ်း။

၂။ ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စိစစ်ပြသောကျမ်း။

၃။ ဓာတ်ပစ္စည်း ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးဆုံးပုံကိုပြသောကျမ်း။

၄။ မျက်မြင်လောက အကြောင်းအရာကိုသာ ပြသော ရုပ်ဝါဒကျမ်း စာရ်ဗာကဆရာ၏ ရုပ်ဝါဒ စသည်။