အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ကေသိဝဂ်

၄-နာဂသုတ်

၁၁၄။ ရဟန်းတို့ အင်္ဂါ လေးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် နာယူတတ်၏၊ သတ်ဖြတ်တတ်၏၊ သည်းခံတတ်၏၊ သွားတတ်၏၊ (ဤလေးမျိုးတို့တည်း)။

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် နာယူတတ်သနည်း၊ ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် ပြုလုပ်ဖူးသည် ဖြစ်စေ မပြုလုပ်ဖူးသည် ဖြစ်စေ ဆင်ထိန်း ခိုင်းစေသော အမှုကိစ္စကို ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားထောင်လျက် နာယူ၏။ ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် နာယူတတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် သတ်ဖြတ်တတ်သနည်း၊ ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ ရောက်သည်ရှိသော် ဆင်ကိုလည်း သတ်တတ်၏၊ ဆင်စီးသူရဲကိုလည်း သတ်တတ်၏၊ မြင်းကိုလည်း သတ်တတ်၏၊ မြင်းစီးသူရဲကိုလည်း သတ်တတ်၏၊ ရထားကိုလည်း ဖျက်ဆီးတတ်၏၊ ရထားစီး သူရဲကိုလည်း သတ်တတ်၏၊ ခြေသည်သူရဲကိုလည်း သတ်တတ်၏၊ ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် သတ်ဖြတ်တတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည်သည်းခံတတ်သနည်း၊ ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ ရောက်သည်ရှိသော် လှံဖြင့် ထိုးခြင်း သန်လျက်ဖြင့် ခုတ်ခြင်း မြားဖြင့် ပစ်ခြင်း ပုဆိန်ဖြင့် ပေါက်ခြင်းတို့ကိုသည်းခံနိုင်၏၊ စည်ကြီးသံ ထက်စည်သံ ခရုသင်းသံ စည်ပုတ်သံ ပဲ့တင်သံတို့ကိုသည်းခံနိုင်၏။ ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည်သည်းခံတတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် သွားတတ်သနည်း၊ ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် ရောက်ဖူးသည် ဖြစ်စေ မရောက်ဖူးသည် ဖြစ်စေ ဆင်ထိန်းစေလွှတ်သော အရပ်သို့ လျင်မြန်စွာ သွားတတ်၏။ ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် သွားတတ်၏။ ရဟန်းတို့ ဤအင်္ဂါလေးမျိုး တို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နာယူတတ်၏၊ သတ်ဖြတ်တတ်၏၊ သည်းခံတတ်၏၊ သွားတတ်၏၊ (ဤလေးမျိုးတို့တည်း)။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နာယူတတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရားသိတော်မူပြီးသော ဓမ္မဝိနယကို ဟောကြားသည်ရှိသော် ရိုသေလေးစား နှလုံး ထား၍ စိတ်အား ထက်သန်စွာ နားထောင်လျက်တရားကို နာ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နာယူတတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတ်ဖြတ်တတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဝိတက်ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ဖျက်ဆီး၏၊ ကင်းအောင်ပြု၏၊ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်ပေါ်လာသော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်ပေါ်လာ သော ဝိဟိံသာဝိတက်ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အကုသိုလ်တရားယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ဖျက်ဆီး၏၊ ကင်းအောင်ပြု၏၊ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သတ်ဖြတ်တတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်သည်းခံတတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့အထိတို့ကိုသည်းခံတတ်၏၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ကိုသည်းခံနိုင်၏၊ ဖြစ်ပေါ်လာသော ကိုယ်၌ ဖြစ်သော ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင်သော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သည်းခံတတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သွားတတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရှည်စွာသော ဤ(သံသရာ) ခရီးဖြင့် မရောက်ဖူးသော အရပ်ဖြစ်သည့် အလုံးစုံသော သင်္ခါရတရားတို့၏ ငြိမ်းရာ, အလုံးစုံသော ဥပဓိလေးပါးတို့ကို စွန့်ရာ, တဏှာကုန်ရာ ကင်းပြတ်ရာ ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လျင်စွာ သွားတတ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သွားတတ်၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။