အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ကေသိဝဂ်

၅-ဌာနသုတ်

၁၁၅။ ရဟန်းတို့ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မနှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်လည်း ဖြစ်၏။ ရဟန်းတို့ မနှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊ ထို အကြောင်းကို ပြုလုပ် သော် အကျိုးရှိရန်ကား ဖြစ်၏။ ရဟန်းတို့ နှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန် သာ ဖြစ်၏။ ရဟန်းတို့ နှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်လည်း ဖြစ်၏။

ရဟန်းတို့ ထို အကြောင်းလေးမျိုးတို့တွင် အကြင် အကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်လည်း ဖြစ်၏။ ရဟန်းတို့ ဤအကြောင်းကို (နှစ်ခြိုက်ဖွယ် မရှိခြင်း အကျိုးမဲ့ခြင်းဟု ဆိုအပ်သော) နှစ်ပါးစုံသော အကြောင်းကြောင့်ပင် မပြုလုပ်အပ်ဟူ၍ သိမှတ် နိုင်၏၊ အကြင် အကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ဤနှစ်ခြိုက်ဖွယ် မရှိခြင်းဟူသော အကြောင်းကြောင့်လည်း မပြုအပ်ဟူ၍ သိမှတ်နိုင်၏၊ အကြင် အကြောင်းကို ပြုအပ်သည် ရှိသော် အကျိုးမဲ့ရန် ဖြစ်၏၊ ထို ိုအကြောင်းကို ဤ(အကျိုးမဲ့ခြင်းဟူသော) အကြောင်းကြောင့်လည်း မပြုအပ်ဟူ၍ သိမှတ်နိုင်၏။ ရဟန်းတို့ ဤအကြောင်းကို နှစ်ပါးစုံသော အကြောင်းကြောင့်ပင် မပြုအပ်ဟူ၍ သိမှတ်နိုင်၏။

ရဟန်းတို့ ထို အကြောင်းလေးမျိုးတို့တွင် အကြင် အကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်ကား ဖြစ်၏။ ရဟန်းတို့ ဤအကြောင်း၌ ယောကျာ်း၏ ဉာဏ်အစွမ်း ယောကျာ်း၏ လုံ့လ ယောကျာ်း၏ အားထုတ်ခြင်းကြောင့် သူမိုက်ကိုလည်းကောင်း၊ ပညာရှိ ကိုလည်းကောင်း ခွဲခြား သိအပ်၏။ ရဟန်းတို့ သူမိုက်သည် “ဤအကြောင်းသည် နှစ်ခြိုက်ဖွယ် မရှိသည် ကို ပြုရန်ကား ဖြစ်ပေ၏၊ သို့ပင်ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်ကား ဖြစ်၏”ဟု မဆင်ခြင်တတ်၊ ထိုသူသည် ထို အကြောင်းကို မပြု၊ ထို အကြောင်းကို မပြုလုပ်သော် ထိုသူအား အကျိုးမဲ့ရန် ဖြစ်၏။ ရဟန်းတို့ ပညာရှှိိသည် “ဤအကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန်ကား ဖြစ်ပေ၏၊ သို့ပင် ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ်သော် အကျိုးရှိရန် ဖြစ်၏”ဟု ဆင်ခြင် တတ်၏၊ ထိုသူသည် ထို အကြောင်းကို ပြု၏၊ ထို အကြောင်းကို ပြုလုပ်သော် ထိုသူအား အကျိုးရှိရန် ဖြစ်၏။

ရဟန်းတို့ ထို အကြောင်းလေးမျိုးတို့တွင် အကြင် အကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်သာ ဖြစ်၏။ ရဟန်းတို့ ဤအကြောင်း၌ ယောကျာ်း၏ ဉာဏ် အစွမ်း ယောကျာ်း၏ လုံ့လ ယောကျာ်း၏ အားထုတ်ခြင်းကြောင့် သူမိုက်ကိုလည်းကောင်း၊ ပညာရှိကို့လည်းကောင်း ခွဲခြား သိအပ်၏။ ရဟန်းတို့ သူမိုက်သည် “ဤအကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန် ကား ဖြစ်ပေ၏၊ သို့ပင်ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်သာ ဖြစ်၏”ဟု မဆင်ခြင်တတ်၊ ထိုသူသည် ထို အကြောင်းကို ပြု၏၊ ထို အကြောင်းကို ပြုလုပ်သော် ထိုသူအား အကျိုး မဲ့ရန် ဖြစ်၏။ ရဟန်းတို့ ပညာရှိသူသည် “ဤအကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန်ကား ဖြစ်ပေ၏၊ သို့ပင် ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန် ဖြစ်၏”ဟု ဆင်ခြင်တတ်၏၊ ထိုသူသည် ထို အကြောင်းကို မပြု၊ ထို အကြောင်းကို မပြုလုပ်သော် ထိုသူအား အကျိုးရှိရန် ဖြစ်၏။

ရဟန်းတို့ ထို အကြောင်း လေးမျိုးတို့တွင် အကြင် အကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်လည်း ဖြစ်၏။ ရဟန်းတို့ ဤအကြောင်းကို နှစ်ပါးစုံသော အကြောင်းကြောင့်ပင် ပြုအပ်၏ဟူ၍ သိမှတ်နိုင်၏။ ရဟန်းတို့ အကြင် အကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန်ဖြစ်၏၊ ဤ(နှစ်ခြိုက်ဖွယ်) အကြောင်းကြောင့်လည်း ထို အကြောင်းကို ပြုအပ်၏ဟူ၍ သိမှတ်နိုင်၏၊ ဤအကြောင်းကို ပြုအပ်သည်ရှိသော် အကျိုးရှိရန် ဖြစ်၏၊ ဤ(အကျိုးရှိခြင်းတည်းဟူသော) အကြောင်းကြောင့်လည်း ထို အကြောင်းကို ပြုအပ်၏ဟုသိမှတ်နိုင်၏။ ရဟန်းတို့ ဤနှစ်ပါးစုံသော အကြောင်းကြောင့် သာလျှင် ပြုအပ်၏ဟု သိမှတ်နိုင်၏။ ရဟန်းတို့ အကြောင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။