အင်္ဂုတ္တရနိကာယ်

(၁၆) ၁-ဣန္ဒြိယဝဂ်

၉-ဘိက္ခုနီသုတ်

၁၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီ ပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းမိန်းမ တစ်ယောက်သည် ယောကျာ်း တစ်ယောက်ကို “အချင်းယောကျာ်း သင် လာလော့၊ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် ‘အသျှင်ဘုရား ဤမည်သော ရဟန်းမိန်းမသည် ဖျားနာနေပါသည်၊ ဆင်းရဲနေပါသည်၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါသည်၊ ထိုရဟန်းမိန်းမသည် အသျှင်အာနန္ဒာ၏ ခြေတို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါသည်ဟု အသျှင်အာနန္ဒာ၏ ခြေတို့ကို ဦးခေါင်းဖြင့် ရှိခိုးပါလေ၊ အသျှင်ဘုရား အသျှင် အာနန္ဒာသည် ရဟန်းမိန်းမကျောင်း ထိုရဟန်းမိန်းမထံသို့ သနားသမှု အကြောင်းပြု၍ ချဉ်းကပ်တော်မူပါ ရန် တောင်းပန်ပါ၏ဘုရား’ဟုလည်း လျှောက်ပါလေ”ဟု ဆို၏။ “အသျှင်မ ကောင်းလှပါပြီ”ဟု ထို ယောကျာ်းသည် ထိုရဟန်းမိန်းမ၏ စကားကို ဝန်ခံ၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် အာနန္ဒာကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးကာ အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား ဤမည်သော ရဟန်းမိန်းမသည် ဖျားနာနေပါသည်၊ ဆင်းရဲနေပါသည်၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါသည်၊ ထိုရဟန်းမိန်းမသည် အသျှင်အာနန္ဒာ၏ ခြေတို့ကို ဦးခေါင်းဖြင့် ရှိခိုး လိုက်ပါသည်၊ အသျှင်ဘုရား အသျှင်အာနန္ဒာသည် ထိုရဟန်းမိန်းမ၏ကျောင်း ထိုရဟန်းမိန်းမထံသို့ သနားသမှု အကြောင်းပြု၍ ချဉ်းကပ်တော်မူပါရန် တောင်းပန်ပါ၏ဘုရားဟုလည်း လျှောက်လိုက်ပါသေးသည်”ဟု လျှောက်၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူလိုက်၏။

ထို့နောက် အသျှင်အာနန္ဒာသည် သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ထိုရဟန်းမိန်းမ၏ကျောင်း ထိုရဟန်းမိန်းမထံသို့ ချဉ်းကပ်တော်မူလေ၏။ ထိုရဟန်းမိန်းမသည် အဝေးမှ ကြွလာသော အသျှင်အာနန္ဒာကို မြင်၍ ဦးခေါင်းနှင့် တကွ ခြုံပြီးလျှင် ညောင်စောင်း၌ အိပ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ထိုရဟန်းမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်ပြီးနောက့်ထိုရဟန်း မိန်းမအား ဤစကားကို မိန့်တော်မူ၏— နှမ ဤကိုယ်ကာယသည် သုံးဆောင်ဖွယ် အာဟာရကြောင့် ဖြစ်၏၊ အာဟာရကို အမှီပြု၍ အာဟာရ (မနောသေဉ္စတနာ) ကို ပယ်ရမည်။ နှမ ဤကိုယ်ကာယသည် တဏှာကြောင့် ဖြစ်၏၊ တဏှာကို အမှီပြု၍ တဏှာကို ပယ်ရမည်။ နှမ ဤကိုယ် ကာယသည် မာနကြောင့် ဖြစ်၏၊ မာနကို အမှီပြု၍ မာနကို ပယ်ရမည်။ နှမ ဤကိုယ်ကာယသည် မေထုန်ကြောင့် ဖြစ်၏၊ မေထုန်၌မူကား အကြောင်းကို သတ်ရမည်ဟု မြတ်စွာဘုရား ဟောတော်မူ၏။

“နှမ ဤကိုယ်ကာယသည် အာဟာရကြောင့် ဖြစ်၏၊ အာဟာရကို အမှီပြု၍ အာဟာရကို ပယ်ရ မည်”ဟု ငါဆိုသော စကားသည် အဘယ်ကို စွဲ၍ ဆိုသော စကားဖြစ်သနည်း၊ နှမ ဤသာသနာတော်၌ ရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်၏— “မြူးထူးရန် မဟုတ်၊ မာန်ယစ်ရန် မဟုတ်၊ (အသား) ပြည့်ဖြိုးရန် မဟုတ်၊ (အရေအဆင်း) ကြည်လင်ရန် မဟုတ်၊ ဤကိုယ်တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သော အကျင့်ကို အားထုတ်ရန်မျှသာ သုံးဆောင်ဖွယ် (အာဟာရ) ကို သုံးဆောင်၏။ ဤသို့ သုံးဆောင်ခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့”ဟု (ဆင်ခြင်၍) အာဟာရကို သုံးဆောင်၏။ ထိုရဟန်းသည် အခါတစ်ပါး၌ အာဟာရကို အမှီပြု၍ အာဟာရ ကို ပယ်၏၊ “နှမ ဤကိုယ်ကာယသည် အာဟာရကြောင့် ဖြစ်၏၊ အာဟာရကို အမှီပြု၍ အာဟာရကို ပယ်ရမည်”ဟူ၍ ငါဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။

“နှမ ဤကိုယ်ကာယသည် တဏှာကြောင့် ဖြစ်၏၊ တဏှာကို အမှီပြု၍ တဏှာကို ပယ်အပ်၏”ဟု ငါဆိုသော စကားသည် အဘယ်ကို စွဲ၍ ဆိုသော စကားဖြစ်သနည်း၊ နှမ ဤသာသနာတော်၌ ရဟန်းသည် “ဤမည်သော ရဟန်းအား အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ကြား၏။ ထိုရဟန်းအား “အဘယ် အခါ၌ ငါသည်လည်း အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက် သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း”ဟု အကြံဖြစ်၏၊ ထိုရဟန်းသည် တစ်ပါးသော အခါ၌ အရဟတ္တဖိုလ်၌ တောင့်တခြင်းကို အမှီပြု၍ တဏှာကို ပယ်၏။ “နှမ ဤကိုယ်ကာယသည် တဏှာကြောင့် ဖြစ်၏၊ တဏှာကို အမှီပြု၍ တဏှာကို ပယ်ရမည်”ဟု ငါဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။

“နှမ ဤကိုယ်ကာယသည် မာနကြောင့် ဖြစ်၏၊ မာနကို အမှီပြု၍ မာနကို ပယ်ရမည်”ဟူ၍ ငါဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုသော စကားဖြစ်သနည်း၊ နှမ ဤသာသနာတော်၌ ရဟန်းသည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏”ဟု ကြား၏။ ထို ကြားသော ရဟန်း အား “ထို အသျှင်ကောင်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက် သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေတုံဘိသေး၏၊ ငါသည်ကား အဘယ့်ကြောင့် မနေရဘဲ ရှိအံ့နည်း”ဟု အကြံဖြစ်၏။ ထိုရဟန်းသည် တစ်ပါးသော အခါ၌ မာနကို အမှီပြု၍ မာနကို ပယ်စွန့်၏။ “နှမ ဤကိုယ်ကာယသည် မာနကြောင့် ဖြစ်၏၊ မာနကို့အမှီပြု၍ မာနကို ပယ်ရမည်”ဟု ငါဆိုသော စကားသည် ဤသည်ကို စွဲ၍ ဆိုသော စကားဖြစ်၏။

“နှမ ဤကိုယ်ကာယသည် မေထုန်ကြောင့် ဖြစ်၏၊ မေထုန်၌မူကား အကြောင်းကို သတ်အပ်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

ထိုအခါ ထိုရဟန်းမိန်းမသည် ညောင်စောင်းမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို စံပယ်တင်လျက် အသျှင်အာနန္ဒာ၏ ခြေတို့ကို ဦးခိုက်၍ အသျှင်အာနန္ဒာအား “အသျှင်ဘုရား မိုက်သည့် အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အကျွန်ုပ်ကို အပြစ်သည် လွှမ်းမိုးသွားခဲ့ပါ၏၊ အကျွန်ုပ်သည် ဤသို့ ပြုမိပါပြီ၊ အသျှင်ဘုရား အသျှင်ဘုရားအာနန္ဒာသည် ထို အကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟုသည်းခံတော်မူပါ”ဟု လျှောက်၏။ နှမ မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် ဤသို့ ပြုမိလေပြီ၊ နှမ သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထို အပြစ်ကို အပြစ်ဟု ငါတို့သည်းခံကုန်၏။ နှမ အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ(ကုစားခြင်း)သည်ပင်လျှင် အရိယာ၏ ဝိနည်း ‘အဆုံးအမ’ ၌ ကြီးပွါးခြင်းတည်းဟု (မိန့်ဆို၏)။

နဝမသုတ်။