အင်္ဂုတ္တရနိကာယ်

၃-ဥရုဝေလဝဂ်

၂-ဒုတိယ ဥရုဝေလသုတ်

၂၂။ ရဟန်းတို့ အခါတစ်ပါး၌ ငါသည် သစ္စာလေးပါးတရားကို သိပြီးစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေ၏။ ရဟန်းတို့ ထိုအခါ အိုမင်းကြီးမြင့် အရွယ်ရင့်ပြီးလျှင် ဆင့်ဆင့် လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော များစွာသော ပုဏ္ဏားတို့သည် ငါ့ထံသို့ ချဉ်းကပ်၍ ငါနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ကြကုန်ပြီးလျှင် ထို ပုဏ္ဏားတို့သည် ငါ့အား “အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည် အိုမင်းကြီးမြင့် အရွယ်ရင့်ပြီးလျှင် ဆင့်ဆင့်လွန်မြောက် အဆုံး အရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြိုဆို နေရာဖြင့်လည်း မဖိတ်’ဟု ဤသို့သော သတင်းစကားကို အကျွန်ုပ်တို့ ကြားဖူးပါသည်။ အသျှင်ဂေါတမ ထို ကြားဖူးသော သတင်း စကားသည် ထို ကြားဖူးသည့်အတိုင်းပင်ဟုတ်မှန်သည်သာတည်း၊ အသျှင်ဂေါတမသည်ကား အိုမင်းကြီး့မြင့် အရွယ်ရင့်ပြီးလျှင် ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြိုဆို နေရာဖြင့်လည်း မပင့်ဖိတ်၊ အသျှင်ဂေါတမ ဤသို့ (ရှိခိုးခြင်းစသည်ကို) မပြုခြင်းသည် မသင့်လျော်သည်သာတည်း”ဟု လျှောက်ကုန်၏။

ရဟန်းတို့ ထို ငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ဤအသျှင်တို့သည် ကြီးသော သူတို့ကိုလည်းကောင်း၊ ကြီးသည့်အဖြစ်ကို ပြုတတ်သော တရားတို့ကိုလည်းကောင်း မသိကုန်”ဟု (အကြံသည် ဖြစ်၏။) ရဟန်းတို့ မွေးဖွားသည်မှ အသက်ရှစ်ဆယ် ကိုးဆယ် တစ်ရာ ရှိသည်ဖြစ်၍ ကြီးသူ ဖြစ်သော်လည်း မသင့်သော ကာလ၌ ဆိုတတ်သူ မမှန်သော စကားကို ဆိုတတ်သူ အကျိုးနှင့် မစပ်သည်ကို ဆိုတတ်သူတရားနှင့် မစပ်သည်ကို ဆိုတတ်သူ အဆုံးအမနှင့် မစပ်သည်ကို ဆိုတတ်သူ မသင့်သောအခါ၌ အကြောင်းမရှိသော အပိုင်းအခြားမရှိသော အစီးအပွါးနှင့် မစပ်သော မမှတ်သား လောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူသည် “လူကြီး လူမိုက်”ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ပျိုမျစ် နုနယ်၍ နက်မှောင်သော ဆံပင်ရှိသော ပဌမ အရွယ်အားဖြင့် ကောင်းသော ပျိုမျစ်ခြင်းနှင့် ပြည့်စုံသော ငယ်သူပင်ဖြစ်သော်လည်း သင့်သော ကာလ၌ ဆိုတတ်သူဟုတ်မှန်သည်ကို ဆိုတတ်သူ အကျိုးရှိသည်ကိုသာ ဆိုတတ်သူတရားနှင့် စပ်သည်ကိုသာ ဆိုတတ်သူ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုတတ်သူ သင့်သောကာလ၌ အကြောင်းရှိသော အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော မှတ်သားလောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူငယ်သည် “လူကြီး ပညာရှိ”ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ကြီးသည်၏ အဖြစ်ကို ပြုတတ်ကုန်သော တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရ သီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်း ငယ်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက် တည်၍ ကျင့်၏။

အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက ်, သဒ္ဒါနှင့် တကွ ဖြစ်၍ အလုံးစုံပြည့်စုံစင်ကြယ်သည့် မြတ်သောအကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော တရားတို့ကို ထိုသူသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျင့်ထား၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်ကုန်သော လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။

အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေ၏။ ရဟန်းတို့ ကြီးသည်၏ အဖြစ်ကို ပြုတတ် သော တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူသည် ပျံ ့လွင့်သော စိတ်ဖြင့် အကျိုးမရှိ ပြိန်ဖျင်းသော စကားကိုလည်း များစွာ ပြောဆို၏၊ မတည်ကြည်သော အကြံအစည်ရှိ၏၊ မသူတော်တရား၌ မွေ့လျော်တတ်၏၊ တောသမင်နှင့် တူ၏၊ ယုတ်ညံ့သော အယူရှိသော၊ (ပုဂ္ဂလ,ဓမ္မ၌) ရိုသေခြင်း မရှိသော ထိုသူသည် ကြီးသူအဖြစ်မှ ဝေး၏။ အကြင်သူသည်ကား သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်များ၏၊ ပညာရှိ၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်း၏၊ တရားတို့၌ မြဲမြံ ခိုင်ခံ့သော သမာဓိရှိ၏၊ ပညာဖြင့် သစ္စာလေးပါး၏ အနက်ကို ရှုမြင်၏၊ အလုံးစုံသော တရားတို့၏ ကမ်း တစ်ဖက်သို့ ရောက်၏၊ (ရာဂစသော) ငြောင့်မရှိ၊ လျင်မြန်သော ပညာရှိ၏။ ပယ်ပြီးသော ပဋိသန္ဓေနေခြင်း သေခြင်း ရှိ၏၊ အလုံးစုံသော အကျင့်မြတ် ရှိ၏၊ ထို ပုဂ္ဂိုလ်ကို “ကြီးသောသူ”ဟု ငါ ဆို၏၊ အကြင် ရဟန်းအား အာသဝေါတရားတို့သည် မရှိကုန်၊ ထိုရဟန်းကို အာသဝေါကုန်ခြင်းကြောင့် “သီတင်းကြီးရဟန်း”ဟု ဆိုအပ်သတည်း။

ဒုတိယသုတ်။