အင်္ဂုတ္တရနိကာယ်
၃-ဥရုဝေလဝဂ်
၁ဝ-ပရိဗ္ဗာဇကသုတ်
၃ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အလွန်ထင်ရှား ကျော်စောကုန်သော များစွာသော ပရိဗိုဇ်တို့သည် သိပ္ပိနိကာမြစ်ကမ်း ပရိဗိုဇ်တို့အရံ၌ နေကြကုန်၏။ ဤသူတို့ကား အဘယ်တို့နည်းဟူမူ— အန္နဘာရပရိဗိုဇ် ဝရဓရပရိဗိုဇ် သကုလုဒါယီပရိဗိုဇ်နှင့်အခြား အလွန်ထင်ရှားကျော်စောကုန်သော ပရိဗိုဇ်တို့တည်း။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူ၍ သိပ္ပိနိကာမြစ်ကမ်း ပရိဗိုဇ်တို့ အရံသို့ ချဉ်းကပ်လျက် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ထို ပရိဗိုဇ်တို့အား ဤစကားကို မိန့်တော်မူ၏—
ပရိဗိုဇ်တို့ အမြတ်ဟု သိအပ်ကုန်သော၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော တရားအစုတို့သည် ဤလေးမျိုးတို့တည်း။ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်ကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ် ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပရိဗိုဇ်တို့ မမက်မောခြင်း ‘အနဘိဇ္ဈာ’တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိသမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်။ ပရိဗိုဇ်တို့ မပျက်စီး စေလိုခြင်း ‘အဗျာပါဒ’တရားအစုကို။ပ။ ပရိဗိုဇ်တို့ မှန်ကန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’တရားအစုကို၊ ပ။ ပရိဗိုဇ်တို့ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိသမဏဗြာဟ္မဏတို့သည် မကဲ့ရဲ့အပ်။
ပရိဗိုဇ်တို့ အမြတ်ဟု သမုတ်အပ်ကုန်သော၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော တရားအစုတို့သည် ဤလေးမျိုးတို့တည်း။ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်ကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိသမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။
ပရိဗိုဇ်တို့ “ဤမမက်မောခြင်း ‘အနဘိဇ္ဈာ’တရားအစုကို ပယ်စွန့်၍ မက်မောခြင်းများသော ကာမ ဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါ ပညတ်အံ့”ဟု ဆိုသူကို “လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့”ဟု ငါ ဆိုပေအံ့။ ပရိဗိုဇ်တို့ မမက်မောခြင်း ‘အနဘိဇ္ဈာ’တရားအစုကို ပယ်စွန့်၍ မက်မောခြင်းများသော ကာမဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်းမရှိချေ။
ပရိဗိုဇ်တို့ “မပျက်စီးစေလိုခြင်း ‘အဗျာပါဒ’တရားအစုကို ပယ်စွန့်၍ ပျက်စီးစေလိုသည့် စိတ်ရှိသော ပြစ်မှားလိုသော စိတ်အကြံရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါပညတ်အံ့”ဟု ဆိုသူကို “လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့”ဟု ငါဆိုပေအံ့။ ပရိဗိုဇ်တို့ မပျက်စီး စေလိုခြင်း’အဗျာပါဒ’တရားအစုကို ပယ်စွန့်၍ ပျက်စီးစေလိုသည့် စိတ်ရှိသော ပြစ်မှားလိုသော စိတ် အကြံရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်းမရှိချေ။
ပရိဗိုဇ်တို့ “မှန်ကန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’တရားအစုကို ပယ်စွန့်၍ သတိ လွတ်ကင်းသော ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’မရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါပညတ်အံ့”ဟု ဆိုသူကို “လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့”ဟု ငါဆိုပေအံ့။ ပရိဗိုဇ်တို့ မှန်ကန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’တရားအစုကို ပယ်စွန့်၍ သတိလွတ်ကင်းသော ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’တရား မရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူ ပညတ်လိမ့်မည်ဟူသော အကြောင်းမရှိချေ။
ပရိဗိုဇ်တို့ “မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တရားအစုကို ပယ်စွန့်၍ မတည်ကြည် ပျံ့လွင့်သော စိတ်ရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါ ပညတ်အံ့”ဟု ဆိုသူကို “လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့”ဟု ငါဆိုပေအံ့။ ပရိဗိုဇ်တို့ မှန်ကန် သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တရားအစုကို ပယ်စွန့်၍ မတည်ကြည် ပျံ ့လွင့်သော စိတ်ရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်း မရှိချေ။
ပရိဗိုဇ်တို့ ဤတရားအစု လေးမျိုးတို့ကို ကဲ့ရဲ့ထိုက်၏၊ တားမြစ်ထိုက်၏ဟု အောက်မေ့သူအား မျက်မှောက်ဘဝ၌ လေးမျိုးကုန်သော အကြောင်းနှင့်တကွ (အဓမ္မိက) ဝါဒသို့ ကျရောက်ကုန်သော ကဲ့ရဲ့ဖွယ် အရာတို့သည် ရောက်လာကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မမက်မောခြင်း ‘အနဘိဇ္ဈာ’တရား အစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့အံ့၊ အကယ်၍ တားမြစ်အံ့၊ မက်မောခြင်း ‘အဘိဇ္ဈာ’ များကုန်သော ကာမဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသော သမဏဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။ မပျက်စီးစေလိုခြင်း ‘အဗျာပါဒ’တရားအစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့အံ့၊ အကယ်၍ တားမြစ်အံ့၊ ပျက်စီးစေလိုသော ပြစ်မှားလိုသော စိတ်အကြံရှိသော သမဏဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။ မှန်ကန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’တရားအစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့သည် ဖြစ်အံ့၊ အကယ်၍ တားမြစ်သည် ဖြစ်အံ့၊ ့သတိလွတ်ကင်းဆင်ခြင်ခြင်း မရှိကုန်သော သမဏ ဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တရားအစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့သည် ဖြစ်အံ့၊ အကယ်၍ တားမြစ်သည် ဖြစ်အံ့၊ မတည်ကြည်ကုန်သော ပျံ ့လွင့်သော စိတ်ရှိကုန်သော သမဏဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။
ပရိဗိုဇ်တို့ ဤလေးမျိုးသော တရားအစုတို့ကို ကဲ့ရဲ့ထိုက်၏၊ တားမြစ်ထိုက်၏ဟု အောက်မေ့သူအား မျက်မှောက်ဘဝ၌ လေးမျိုးကုန်သော အကြောင်းနှင့်တကွ (အဓမ္မိက) ဝါဒသို့ ကျရောက်ကုန်သော ကဲ့ရဲ့ဖွယ် အရာတို့သည် ရောက်လာကုန်၏။ ပရိဗိုဇ်တို့ ဥက္ကလ (ဇနပုဒ်) နေ ဝဿနှင့် ဘညနှစ်ဦးတို့သည် အကြောင်းမဲ့အယူ ‘အဟေတုကဝါဒ’၊ အပြုမဲ့အယူ ‘အကိရိယဝါဒ’၊ အကျိုးမဲ့အယူ ‘နတ္ထိကဝါဒ’ ရှိကုန်၏။ ထိုသူတို့သော်မှလည်း ဤတရားအစုလေးမျိုးတို့ကို မကဲ့ရဲ့ထိုက်၊ မတားမြစ်ထိုက်ဟု အောက်မေ့ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ (သူတစ်ပါးတို့) ကဲ့ရဲ့ခြင်း ထိပါးခြင်း စွပ်စွဲခြင်းတို့မှ ကြောက် သောကြောင့်တည်းဟု (မိန့်တော်မူ၏)။
မပျက်စီးစေလိုသော အခါခပ်သိမ်း သတိရှိ၍ မိမိသန္တာန်၌ ကောင်းစွာ တည်ကြည်လျက် မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်ဖျောက်ကြောင်း (အရဟတ္တဖိုလ်)၌ ကျင့်ဆဲဖြစ်သူကို မမေ့မလျော့သူဟု ဆိုအပ်၏။
ဒသမသုတ်။
သုံးခုမြောက် ဥရုဝေလဝဂ် ပြီး၏။