အင်္ဂုတ္တရနိကာယ်
(၇) ၂-ပတ္တကမ္မဝဂ်
၄-နိရယသုတ်
၆၄။ ရဟန်းတို့ တရားလေး မျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏ဟု (မိန့်တော်မူ၏)။
သူ့အသက်သတ်ခြင်းကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းကိုလည်းကောင်း၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းကိုလည်းကောင်း၊ သူတစ်ပါးသားမယား၌ သွားလာခြင်းကိုလည်းကောင်း ပညာရှိတို့သည် မချီးမွမ်းကုန်ဟု ဆိုအပ်သတည်း။
စတုတ္ထသုတ်။