အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဂိလာနဝဂ်
၃-ပဌမ ဥပဋ္ဌာကသုတ်
၁၂၃။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
(အနာရောဂါအား) မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။ (အနာရောဂါအား) လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်။ ဆေးကို မှီဝဲခြင်းမရှိ။ အကျိုးကိုလိုလားသော သူနာပြုအား ဟုတ်တိုင်းမှန်စွာ တိုးသည်ကို “တိုး၏”ဟူ၍လည်းကောင်း၊ ဆုတ်သည်ကို “ဆုတ်၏”ဟူ၍လည်းကောင်း၊ တန့်သည်ကို “တန့်၏”ဟူ၍လည်းကောင်း အနာရောဂါကို ထင်စွာမပြုတတ်။ ဖြစ်ပေါ်လာသည့် ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်၍ အသက်သေလောက်သည့် ကိုယ်၌ ဖြစ်သောဆင်းရဲဝေဒနာတို့ကို သည်းမခံနိုင်သော သဘော ရှိ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူ ဖြစ်၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရလွယ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
(အနာရောဂါအား) လျောက်ပတ်သည်ကို ပြုလုပ်တတ်၏။ (အနာရောဂါအား) လျောက်ပတ်သည်၌ အတိုင်း အရှည်ကို သိ၏။ ဆေးကို မှီဝဲခြင်းရှိ၏။ အကျိုးကိုလိုလားသော သူနာပြုအားဟုတ်တိုင်းမှန်စွာတိုးသည်ကို “တိုး၏”ဟူ၍လည်းကောင်း၊ ဆုတ်သည်ကို “ဆုတ်၏”ဟူ၍လည်းကောင်း တန့်သည်ကို”တန့်၏”ဟူ၍လည်းကောင်း အနာရောဂါကို ထင်စွာပြုတတ်၏။ ဖြစ်ပေါ်လာသည့် ပြင်းထန်ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်၍ အသက်သေလောက်သည့်ကိုယ်၌ ဖြစ်သော ဆင်းရဲ ဝေဒနာတို့ကို သည်းခံနိုင်သော သဘော ရှိ၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရလွယ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။