အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဂိလာနဝဂ်

၄-ဒုတိယ ဥပဋ္ဌာကသုတ်

၁၂၄။ ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် မထိုက်တန်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ဆေးကို စီရင်ရန် မစွမ်းနိုင်။

(အနာရောဂါအား) လျောက်ပတ်သည် မလျောက်ပတ်သည်ကို မသိတတ်၊ မလျောက်ပတ်သည်ကိုဆက်ကပ်၏၊ လျောက်ပတ်သည်ကို ဖယ်ထား၏။

(သင်္ကန်းစသည့်) အာမိသဟူသော အကြောင်းကြောင့် သူနာကို ပြုစု၏၊ မေတ္တာစိတ်ရှိသည်ဖြစ်၍ မပြုစု။

ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အန်ဖတ်ကိုလည်းကောင်း၊ တံထွေးကိုလည်းကောင်း ထုတ်ဆောင်ရန် စက်ဆုပ် ရွံရှာ၏။

အခါကာလအားလျော်စွာ သူနာကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ့ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် မထိုက်တန်။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် ထိုက်တန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ဆေးကို စီရင်ရန် စွမ်းနိုင်၏။

(အနာရောဂါအား) လျောက်ပတ်သည် မလျောက်ပတ်သည်ကို သိတတ်၏၊ မလျောက်ပတ်သည်ကိုဖယ်ထား၏။ လျောက်ပတ်သည်ကို ဆက်ကပ်၏။

(သင်္ကန်းစသည့်) အာမိသဟူသော အကြောင်းကြောင့် သူနာကို ပြုစုသည် မဟုတ်၊ မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြုစု၏။

ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အန်ဖတ်ကိုလည်းကောင်း၊ တံထွေးကိုလည်းကောင်း ထုတ်ဆောင်ရန် စက်ဆုပ်ရွံရှာလေ့ မရှိ။

အခါကာလအားလျော်စွာ သူနာကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။