အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဂိလာနဝဂ်
၅-ပဌမ အနာယုဿာသုတ်
၁၂၅။ ရဟန်းတို့ အသက်တိုကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။
လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်။
မကြေကျက်လွယ်သော အစာကို စားလေ့ရှိ၏။
အချိန်အခါ မဟုတ်သည်၌ သွားလာတတ်၏။
မမြတ်သော (မေထုန်) အကျင့်ကို ကျင့်လေ့ရှိ၏။
ရဟန်းတို့ ဤသည်တို့ကား အသက်တိုကြောင်း တရားငါးမျိုးတို့တည်း။
ရဟန်းတို့ အသက်ရှည်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။
လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်၏။
ကြေကျက်လွယ်သော အစာကို စားလေ့ရှိ၏။
အချိန်အခါ၌ သွားလာတတ်၏။
မြတ်သောအကျင့်ကို ကျင့်၏။
ရဟန်းတို့ ဤသည်တို့ကား အသက်ရှည်ကြောင်း တရားငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။