အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဂိလာနဝဂ်

၆-ဒုတိယ အနာယုဿာသုတ်

၁၂၆။ ရဟန်းတို့ အသက်တိုကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။

လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်။

မကြေကျက်လွယ်သော အစာကို စားလေ့ရှိ၏။

သီလမရှိ။

ယုတ်မာသော အဆွေခင်ပွန်း ရှိ၏။

ရဟန်းတို့ ဤသည်တို့ကား အသက်တိုကြောင်း တရားငါးမျိုးတို့တည်း။

ရဟန်းတို့ အသက်ရှည်ကြောင်း တရားတို့သည် ဤ ငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။

လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်၏။

ကြေကျက်လွယ်သော အစာကို စားလေ့ရှိ၏။

သီလရှိ၏။

အဆွေခင်ပွန်းကောင်း ရှိ၏။

ရဟန်းတို့ ဤသည်တို့ကား အသက်ရှည်ကြောင်း တရားငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။