အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဂိလာနဝဂ်
၇-ဝပကာသသုတ်
၁၂၇။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်း နေရန် မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ရတတ်သမျှသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်။
ရတတ်သမျှသော ဆွမ်းဖြင့် မရောင့်ရဲနိုင်။
ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်။
ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် မရောင့်ရဲနိုင်။
ကာမဂုဏ်တို့၌ အကြံအစည်များလျက် နေ၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်းနေရန် မထိုက်တန်။
ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်းနေရန် ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏။
ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏။
ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲ၏။
ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲ၏။
ကာမဂုဏ်တို့၌ အကြံအစည်များလျက် မနေ။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်းနေရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။