အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဂိလာနဝဂ်

၇-ဝပကာသသုတ်

၁၂၇။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်း နေရန် မထိုက်တန်။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

ရတတ်သမျှသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်။

ရတတ်သမျှသော ဆွမ်းဖြင့် မရောင့်ရဲနိုင်။

ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်။

ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် မရောင့်ရဲနိုင်။

ကာမဂုဏ်တို့၌ အကြံအစည်များလျက် နေ၏။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်းနေရန် မထိုက်တန်။

ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်းနေရန် ထိုက်တန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏။

ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏။

ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲ၏။

ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲ၏။

ကာမဂုဏ်တို့၌ အကြံအစည်များလျက် မနေ။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သံဃာမှ ထွက်ခွါ၍ တစ်ယောက်တည်းနေရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။