အင်္ဂုတ္တရနိကာယ်

(၁၅) ၅-တိကဏ္ဍကီဝဂ်

၄-တိကဏ္ဍကီသုတ်

၁၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ ဆူးလေတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို့မိန့်တော်မူ၏

ရဟန်းတို့ ငါတိုက်တွန်း၏၊ ရဟန်းသည် ရံဖန်ရံခါ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ ငါတိုက်တွန်း၏၊ ရဟန်းသည် ရံဖန်ရံခါ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ် ရွံရှာဖွယ်မရှိဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ ငါတိုက်တွန်း၏၊ ရဟန်းသည် ရံဖန်ရံခါ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ ငါတိုက်တွန်း၏၊ ရဟန်းသည် ရံဖန်ရံခါ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်မရှိဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ ငါတိုက်တွန်း၏၊ ရဟန်းသည် ရံဖန်ရံခါ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း ထို (အမှတ်သညာ) နှစ်ပါးစုံကို ကြဉ်၍ လျစ်လျူရှုလျက်အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ ရဟန်းသည် စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေရာသနည်း။

ငါ့အား တပ်မက်ဖွယ် သဘောတို့၌ တပ်မက်မှု ‘ရာဂ’ မဖြစ်စေလင့်ဟု နှလုံးသွင်း၍ နေရာ၏။

ရဟန်းတို့ ရဟန်းသည် ဤအကျိုးထူးကို စွဲ၍ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌ စက်ဆုပ် ရွံရှာဖွယ်ဟုအမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ ရဟန်းသည် စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ် ရွံရှာဖွယ်မရှိဟု အမှတ်ရှိသည်ဖြစ်၍ နေရာသနည်း။

ငါ့အား ပြစ်မှားဖွယ် သဘောတို့၌ ပြစ်မှားမှု ‘ဒေါသ’ မဖြစ်စေလင့်ဟု နှလုံးသွင်း၍ နေရာ၏။

ရဟန်းတို့ ရဟန်းသည် ဤအကျိုးထူးကို စွဲ၍ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်မရှိဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ ရဟန်းသည် စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေရာသနည်း။

ငါ့အား တပ်မက်ဖွယ် သဘောတို့၌ တပ်မက်မှု ‘ရာဂ’ မဖြစ်စေလင့်၊ ငါ့အား ပြစ်မှားဖွယ် သဘောတို့၌ ပြစ်မှားမှု ‘ဒေါသ’ မဖြစ်စေလင့်ဟု နှလုံးသွင်း၍ နေရာ၏။

ရဟန်းတို့ ရဟန်းသည် ဤအကျိုးထူးကို စွဲ၍ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ ရဟန်းသည် စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်မရှိဟု အမှတ်ရှိသည်ဖြစ်၍ နေရာသနည်း။

ငါ့အား ပြစ်မှားဖွယ် သဘောတို့၌ ပြစ်မှားမှု ‘ဒေါသ’ မဖြစ်စေလင့်၊ တပ်မက်ဖွယ် သဘောတို့၌ တပ်မက်မှု ‘ရာဂ’မဖြစ်စေလင့်ဟု နှလုံးသွင်း၍ နေရာ၏။

ရဟန်းတို့ ရဟန်းသည် ဤအကျိုးထူးကို စွဲ၍ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း စက်ဆုပ်ရွံရှာဖွယ် မရှိဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ ရဟန်းသည် စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း ထို (အမှတ်သညာ) နှစ်ပါးစုံကို ကြဉ်၍ လျစ်လျူရှုလျက်အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ နေရာသနည်း။

ငါ့အား မည်သည့်အာရုံ မည်သည့်အရပ်၌ မဆို တပ်မက်ဖွယ်တရားတို့၌ အနည်းငယ်မျှပင် တပ်မက်မှု’ရာဂ’ မဖြစ်ပါစေလင့်။

ငါ့အား မည်သည့်အာရုံ မည်သည့်အရပ်၌ မဆို ပြစ်မှားဖွယ်သဘောတရားတို့၌ အနည်းငယ်မျှပင်ပြစ်မှားမှု ‘ဒေါသ’ မဖြစ်ပါစေလင့်၊ ငါ့အား မည်သည့်အာရုံ မည်သည့်အရပ်၌ မဆို အနည်းငယ်မျှပင်တွေဝေမှု ‘မောဟ’ မဖြစ်ပါစေလင့်ဟု နှလုံးသွင်း၍ နေရာ၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်မရှိသော အာရုံ၌လည်းကောင်း ထို (အမှတ်သညာ) နှစ်ပါးစုံကို ကြဉ်၍ လျစ်လျူရှုလျက်အောက်မေ့မှု’သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ နေရာ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။