အင်္ဂုတ္တရနိကာယ်
(၁၉) ၄-အရညဝဂ်
၁-အာရညိကသုတ်
၁၈၁။ ရဟန်းတို့ တောနေရဟန်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ပညာနုံ့သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် တော၌ နေ၏။
ယုတ်ညံ့သော အလိုရှိ၍ အလိုဆိုး နှိပ်စက်အပ်သည်ဖြစ်၍ တော၌ နေ၏။
ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် တော၌ နေ၏။
မြတ်စွာဘုရားတို့သည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကတို့သည်လည်းကောင်းချီးမွမ်းအပ်၏ဟု (နှလုံးသွင်း၍) တော၌ နေ၏။
အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှု ဆိတ်ငြိမ်မှု ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ တော၌ နေ၏။
ရဟန်းတို့ တောနေရဟန်းတို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ ဤတောနေ ရဟန်းငါးမျိုးတို့တွင် အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှု ဆိတ်ငြိမ်မှု ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ တော၌ နေသော ရဟန်းသည် လွန်ကဲ၏၊ မြတ်၏၊ အကြီးအမှူးလည်း ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏။
ရဟန်းတို့ နွားမမှ နို့ရည်၊ နို့ရည်မှ နို့ဓမ်း၊ နို့ဓမ်းမှ ဆီဦး၊ ဆီဦးမှ ထောပတ်၊ ထောပတ်မှထောပတ်ကြည် ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ (ထောပတ်ကြည်ကို) မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူ သာလျှင် ဤတောနေ ရဟန်းငါးမျိုးတို့တွင် အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှု ဆိတ်ငြိမ်မှု အကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ တော၌ နေသော ရဟန်းသည် လွန်ကဲ၏၊ မြတ်၏၊ အကြီးအမှူးလည်းဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။