အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-ဗြာဟ္မဏဝဂ်

၁-သောဏသုတ်

၁၉၁။ ရဟန်းတို့ ဤရှေးဟောင်း ပုဏ္ဏားသဘော ငါးမျိုးတို့ကို ယခုအခါ ခွေးတို့၌ တွေ့မြင်ရကုန်၏၊ ပုဏ္ဏားတို့၌ မတွေ့မြင်ရကုန်။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ပုဏ္ဏေးမကိုသာလျှင် သွားလာကုန်၏၊ ပုဏ္ဏေးမ မဟုတ်သူ ကိုမသွားလာကုန်၊ ရဟန်းတို့ ယခုအခါ၌ ကား ပုဏ္ဏားတို့သည် ပုဏ္ဏေးမကိုလည်း သွားလာကုန်၏၊ ပုဏ္ဏေးမမဟုတ်သူကိုလည်း သွားလာကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ခွေးမကိုသာလျှင် သွားလာကုန်၏၊ ခွေးမ မဟုတ်သည်ကိုမသွားလာကုန်၊ ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌ သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ပဌမ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။

ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ဥတုလာသော ပုဏ္ဏေးမကိုသာလျှင် သွားလာကုန်၏၊ ဥတုမလာသော ပုဏ္ဏေးမကို မသွားလာကုန်၊ ရဟန်းတို့ ယခုအခါ၌ ကား ပုဏ္ဏားတို့သည် ဥတုလာသောပုဏ္ဏေးမကိုလည်း သွားလာကုန်၏၊ ဥတုမလာသော ပုဏ္ဏေးမကိုလည်း သွားလာကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ဥတုလာသော ခွေးမကိုသာလျှင် သွားလာကုန်၏၊ ဥတုမလာ သောခွေးမကို မသွားလာကုန်။

ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌ သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ဒုတိယရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။

ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ပုဏ္ဏေးမကို မဝယ်ကုန်၊ မရောင်းကုန်၊ အချင်းချင်းချစ်မြတ်နိုးသဖြင့်သာလျှင် အစဉ်အလာကို ဖွဲ့စပ်ရန် ပေါင်းဖော်ကြကုန်၏။

ရဟန်းတို့ ယခုအခါ၌ ကား ပုဏ္ဏားတို့သည် ပုဏ္ဏေးမကို ဝယ်လည်း ဝယ်ကုန်၏၊ ရောင်းလည်းရောင်းကုန်၏၊ အချင်းချင်း ချစ်မြတ်နိုးသဖြင့်လည်း အစဉ်အလာကို ဖွဲ့စပ်ရန် ပေါင်းဖော်ကြကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ခွေးမကို မရောင်း မဝယ်ကုန်၊ အချင်းချင်း ချစ်မြတ်နိုးသဖြင့်သာလျှင် အစဉ်အလာကို ဖွဲ့စပ်ရန် ပေါင်းဖော်ကြကုန်၏။

ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌ သာလျှင် တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသောတတိယ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။

ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ဥစ္စာ စပါး ငွေ ရွှေကို မသိုမှီး မသိမ်းဆည်းကြကုန်၊ ရဟန်းတို့ ယခုအခါ၌ ကား ပုဏ္ဏားတို့သည် ဥစ္စာ စပါး ငွေ ရွှေကို သိုမှီး သိမ်းဆည်းကြကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ဥစ္စာ စပါး ငွေ ရွှေကို မသိုမှီး မသိမ်းဆည်းကြကုန်။

ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌ သာလျှင် တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသောစတုတ္ထ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။

ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ညအခါ ညစာအလို့ငှါ နံနက်အခါ နံနက်စာအလို့ငှါ အစား့အစာကို ရှာကုန်၏၊ ရဟန်းတို့ ယခုအခါ၌ ကား ပုဏ္ဏားတို့သည် အလိုရှိတိုင်း ဝမ်းပြည့်အောင် စားပြီးလျှင် အကြွင်းကို ယူ၍ သွားကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ညအခါ၌ ညစာအလို့ငှါ နံနက်အခါ၌ နံနက်စာအလို့ငှါ အစားအစာကို ရှာကုန်၏။

ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌ သာလျှင် တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ပဉ္စမရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။

ရဟန်းတို့ ဤရှေးဟောင်း ပုဏ္ဏားသဘော ငါးမျိုးတို့ကို ယခုအခါ ခွေးတို့၌ သာ တွေ့မြင်ရကုန်၏၊ ပုဏ္ဏားတို့၌ မတွေ့မြင်ရကုန်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။