အင်္ဂုတ္တရနိကာယ်

(၁၉) ၄-အရညဝဂ်

၁ဝ-ပတ္တပိဏ္ဍိကသုတ်

၁၉ဝ။ ရဟန်းတို့ ပတ္တပိုဏ်ဓူတင်ဆောင် ရဟန်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ပညာနုံ့သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် ပတ္တပိုဏ်ဓူတင်ကို ဆောင်၏။ပ။

ယုတ်ညံ့သော အလိုရှိ၍ အလိုဆိုး နှိပ်စက်အပ်သည်ဖြစ်၍ ပတ္တပိုဏ်ဓူတင်ကို ဆောင်၏။

ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် ပတ္တပိုဏ်ဓူတင်ကို ဆောင်၏။

မြတ်စွာဘုရားတို့သည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကတို့သည်လည်းကောင်းချီးမွမ်းအပ်၏ဟု (နှလုံးသွင်း၍) ပတ္တပိုဏ်ဓူတင်ကို ဆောင်၏။

အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှု ဆိတ်ငြိမ်မှု ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ပတ္တပိုဏ်ဓူတင်ကို ဆောင်၏။

ရဟန်းတို့ ပတ္တပိုဏ်ဓူတင်ဆောင် ရဟန်းတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ဤပတ္တပိုဏ်ဓူတင်ဆောင် ရဟန်းငါးမျိုးတို့တွင် အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှုဆိတ်ငြိမ်မှု ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ ပတ္တပိုဏ်ဓူတင်ဆောင် ရဟန်းသည် လွန်ကဲ၏၊ မြတ်၏၊ အကြီးအမှူးလည်း ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏

ရဟန်းတို့ နွားမမှ နို့ရည်၊ နို့ရည်မှ နို့ဓမ်း၊ နို့ဓမ်းမှ ဆီဦး၊ ဆီဦးမှ ထောပတ်၊ ထောပတ်မှထောပတ်ကြည် ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ (ထောပတ်ကြည်ကို) မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ထို့အတူ သာလျှင် ဤပတ္တပိုဏ်ဓူတင်ဆောင် ရဟန်းငါးမျိုးတို့တွင် အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှုဆိတ်ငြိမ်မှု ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ ပတ္တပိုဏ်ဓူတင်ဆောင်သော ရဟန်းသည်လွန်ကဲ၏၊ မြတ်၏၊ အကြီးအမှူးလည်း ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် အရညဝဂ် ပြီး၏။