အင်္ဂုတ္တရနိကာယ်

(၂၂) ၂-အက္ကောသကဝဂ်

၂-ဘဏ္ဍနကာရကသုတ်

၂၁၂။ ရဟန်းတို့ မျက်ကွယ်မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင်ဘက် ပြောကြား စကားများ တတ်၍သံဃာ၌ အဓိကရုဏ်းမှုကို ပြုတတ်သော ရဟန်းသည် အပြစ်ငါးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မရသေးသော တရားထူးကို မရ။

ရပြီးသော တရားထူးမှ ယုတ်လျော့၏။

မကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်၏။

တွေဝေလျက် သေရ၏။

ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ မျက်ကွယ်မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင်ဘက် ပြောကြား စကားများတတ်၍ သံဃာ၌ အဓိကရုဏ်းမှုကို ပြုတတ်သော ရဟန်းသည် ဤအပြစ်ငါးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။