အင်္ဂုတ္တရနိကာယ်

(၂၂) ၂-အက္ကောသကဝဂ်

၃-သီလသုတ်

၂၁၃။ ရဟန်းတို့ သီလမရှိသူ၏ သီလပျက်စီးခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤလောက၌ သီလမရှိသော သီလပျက်စီးသော ပုဂ္ဂိုလ်သည် မေ့လျော့ခြင်းကြောင့်များစွာသော စည်းစိမ်ဥစ္စာတို့၏ ဆုံးရှုံးခြင်းသို့ ရောက်၏။ ဤသည်ကား သီလမရှိသော ပုဂ္ဂိုလ်၏သီလပျက်စီးခြင်း၌ ပဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလမရှိသော သီလပျက်စီးသော ပုဂ္ဂိုလ်၏ မကောင်းသောကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။ ရဟန်းတို့ ဤသည်ကား သီလမရှိသော ပုဂ္ဂိုလ်၏ သီလပျက်စီးခြင်း၌ ဒုတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလမရှိသော သီလပျက်စီးသော ပုဂ္ဂိုလ်သည် မင်းပရိသတ်သို့ ဖြစ်စေပုဏ္ဏားပရိသတ်သို့ဖြစ်စေ သူကြွယ်ပရိသတ်သို့ဖြစ်စေ ရဟန်းပရိသတ်သို့ဖြစ်စေ မည်သည့် ပရိသတ်သို့မဆို ချဉ်းကပ်ခဲ့သော် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာညှိုးငယ်လျက် ချဉ်းကပ်ရ၏၊ ရဟန်းတို့ဤသည်ကား သီလ မရှိသော ပုဂ္ဂိုလ်၏ သီလပျက်စီးခြင်း၌ တတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလမရှိသော သီလပျက်စီးသော ပုဂ္ဂိုလ်သည် တွေဝေလျက် သေရ၏၊ ရဟန်းတို့ ဤသည်ကား သီလမရှိသော ပုဂ္ဂိုလ်၏ သီလပျက်စီးခြင်း၌ စတုတ္ထအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလမရှိသော သီလပျက်စီးသော ပုဂ္ဂိုလ်သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သောငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကား သီလ မရှိသော ပုဂ္ဂိုလ်၏ သီလပျက်စီးခြင်း၌ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ သီလမရှိသော ပုဂ္ဂိုလ်၏ သီလပျက်စီးခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့ပင်တည်း။

ရဟန်းတို့ သီလရှိသော ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် မမေ့လျော့ခြင်းကြောင့်များစွာသော စည်းစိမ်ဥစ္စာအစုကို ရ၏၊ ရဟန်းတို့ ဤသည်ကား သီလရှိသော ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌ ပဌမအကျိုးတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလရှိသော သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ ကောင်းသောကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ရဟန်းတို့ ဤသည်ကား သီလရှိသော ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌ ဒုတိယအကျိုးတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလရှိသော သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် မင်းပရိသတ်သို့ ဖြစ်စေပုဏ္ဏားပရိသတ်သို့ဖြစ်စေ သူကြွယ်ပရိသတ်သို့ဖြစ်စေ ရဟန်းပရိသတ်သို့ဖြစ်စေ မည်သည့် ပရိသတ်သို့မဆိုချဉ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာမညှိုးငယ်ဘဲ ချဉ်းကပ်ရ၏၊ ရဟန်းတို့ ဤ သည်ကားသီလရှိသော ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌ တတိယ အကျိုးတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလရှိသော သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် မတွေဝေဘဲ သေရ၏၊ ရဟန်းတို့ ဤသည်ကား သီလရှိသော ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌ စတုတ္ထ အကျိုးတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သီလရှိသော သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ ဤသည်ကား သီလရှိသော ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌ ပဉ္စမအကျိုးတည်း။

ရဟန်းတို့ သီလရှိသော ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်