အင်္ဂုတ္တရနိကာယ်

(၂၃) ၃-ဒီဃစာရိကဝဂ်

၇-ဘောဂသုတ်

၂၂၇။ ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

စည်းစိမ်ဥစ္စာတို့သည် မီးနှင့် ဆက်ဆံကုန်၏။

စည်းစိမ်ဥစ္စာတို့သည် ရေနှင့် ဆက်ဆံကုန်၏။

စည်းစိမ်ဥစ္စာတို့သည် မင်းနှင့် ဆက်ဆံကုန်၏။

စည်းစိမ်ဥစ္စာတို့သည် ခိုးသူနှင့် ဆက်ဆံကုန်၏။

စည်းစိမ်ဥစ္စာတို့သည် မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့နှင့် ဆက်ဆံကုန်၏။

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာဆောင်၏။

အမိ အဖတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏။

သား သမီး မယား ကျွန် အလုပ်သမားတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာဆောင်၏။

မိတ်ဆွေ ခင်ပွန်းတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏။

အထက်ဘုံ၌ ဖြစ်စေတတ်သော၊ ကောင်းမြတ်သော အာရုံကို ပေးတတ်သော၊ ချမ်းသာကျိုးရှိသော၊ နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ ဖြစ်စေ၏။

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။