အင်္ဂုတ္တရနိကာယ်
(၂၃) ၃-ဒီဃစာရိကဝဂ်
၈-ဥဿူရဘတ္တသုတ်
၂၂၈။ ရဟန်းတို့ နေမြင့်မှ ထမင်းချက်သော အိမ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ခရီးသွား ဧည့်သည်တို့ကို အခါအားလျော်စွာ မပူဇော်ရကုန်။
ဗလိနတ်စာကို ခံကုန်သော နတ်တို့ကို အခါအားလျော်စွာ မပူဇော်ရကုန်။
တစ်ထပ်သာ စားကုန်သော ညဉ့်စာစားခြင်းမှ ရှောင်ကြဉ်ကုန်သော နေလွဲစာစားခြင်းမှ ရှောင်ကြဉ်ကုန်သော သမဏဗြာဟ္မဏတို့ကို အခါအားလျော်စွာ မပူဇော်ရကုန်။
ကျွန်အမှုလုပ်ယောကျာ်းတို့သည် မျက်နှာမသာယာဘဲ အလုပ်ကို လုပ်ကြရကုန်၏။
အခါမဲ့၌ စားသမျှ ထမင်းသည် သြဇာမရှိ။
ရဟန်းတို့ နေမြင့်မှ ထမင်းချက်သော အိမ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ အချိန်မီ ထမင်းချက်သော အိမ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ခရီးသွားဧည့်သည်တို့ကို အခါအားလျော်စွာ ပူဇော်ရကုန်၏။
ဗလိနတ်စာကို ခံကုန်သော နတ်တို့ကို အခါအားလျော်စွာ ပူဇော်ရကုန်၏။
တစ်ထပ်သာ စားကုန်သော ညဉ့်စာစားခြင်းမှ ရှောင်ကြဉ်ကုန်သော နေလွဲစာစားခြင်းမှ ရှောင်ကြဉ်ကုန်သော သမဏဗြာဟ္မဏတို့ကို အခါအားလျော်စွာ ပူဇော်ရကုန်၏။
ကျွန်အမှုလုပ်ယောကျာ်းတို့သည် မျက်နှာသာယာကုန်လျက် အလုပ်ကို လုပ်ကြကုန်၏။
အချိန်မီ စားသမျှ ထမင်းသည် သြဇာရှိ၏။
ရဟန်းတို့ အချိန်မီ ထမင်းချက်သော အိမ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။