အင်္ဂုတ္တရနိကာယ်

(၂၄) ၄-အာဝါသိကဝဂ်

၁-အာဝါသိကသုတ်

၂၃၁။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် (နှလုံးကို) မတိုးပွါးစေတတ်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ဝတ်ကြီးဝတ်ငယ်နှင့် မပြည့်စုံသည်ဖြစ်၍ အသွင်အပြင်နှင့် မပြည့်စုံ။

အကြားအမြင်ကို မဆောင်သည်ဖြစ်၍ များသော အကြားအမြင်မရှိ။

တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မမွေ့လျော်သည်ဖြစ်၍ ကိလေသာကို မခေါင်းပါးစေတတ်။

ကောင်းသော နှုတ်ထွက်မရှိသည်ဖြစ်၍ ကောင်းသော စကားမရှိ။

ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် (နှလုံးကို) မတိုးပွါးစေတတ်။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် (နှလုံးကို) ပွါးစေတတ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသည်ဖြစ်၍ အသွင်အပြင်နှင့် ပြည့်စုံ၏။

အကြားအမြင်ကို ဆောင်သည်ဖြစ်၍ များသော အကြားအမြင်ရှိ၏။

တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မွေ့လျော်သည်ဖြစ်၍ ကိလေသာကို ခေါင်းပါးစေတတ်၏။

ကောင်းသော နှုတ်ထွက်ရှိသည်ဖြစ်၍ ကောင်းသော စကားရှိ၏။

ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် (နှလုံးကို) ပွါးစေတတ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။