အင်္ဂုတ္တရနိကာယ်
(၂၃) ၃-ဒီဃစာရိကဝဂ်
၁ဝ-ဒုတိယ ကဏှသပ္ပသုတ်
၂၃ဝ။ ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ပြင်းထန်သော အဆိပ်ရှိ၏၊ လျှာနှစ်ခွရှိ၏၊ အဆွေခင်ပွန်းကိုဖျက်ဆီးတတ်၏။
ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ ဤအတူသာလျှင် မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ပြင်းထန်သော အဆိပ်ရှိ၏၊ လျှာနှစ်ခွရှိ၏၊ အဆွေခင်ပွန်းကိုဖျက်ဆီးတတ်၏။
ရဟန်းတို့ ထိုငါးမျိုးသော အပြစ်တို့တွင် ဤဆိုလတ္တံ့သည်ကား မာတုဂါမ၌ ပြင်းထန်သော အဆိပ်ရှိသည့် အဖြစ်တည်း။
ရဟန်းတို့ မာတုဂါမသည် များသောအားဖြင့် ထက်မြက်သော တပ်မက်မှု ‘ရာဂ’ ရှိ၏။
ရဟန်းတို့ ထိုငါးမျိုးသော အပြစ်တို့တွင် ဤဆိုလတ္တံ့သည်ကား မာတုဂါမ၏ လျှာနှစ်ခွရှိသည့် အဖြစ်တည်း။
ရဟန်းတို့ မာတုဂါမသည် များသောအားဖြင့် ကုန်းတိုက်တတ်၏။
ရဟန်းတို့ ထိုငါးမျိုးသော အပြစ်တို့တွင် ဤဆိုလတ္တံ့သည်ကား မာတုဂါမ၏ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်သည့် အဖြစ်တည်း။
ရဟန်းတို့ မာတုဂါမသည် များသောအားဖြင့် လင်ကို လွန်ကျူး၍ ကျင့်တတ်၏။
ရဟန်းတို့ မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက် ဒီဃစာရိကဝဂ် ပြီး၏။