အင်္ဂုတ္တရနိကာယ်

(၂၆) ၆-ဥပသမ္ပဒါဝဂ်

၇-၁၃-ဒုတိယ ဈာနသုတ်စသည် ခုနစ်သုတ်

၂၅၇—၂၆၃။ ရဟန်းတို့ ဤတရားငါးမျိုးတို့ကို မပယ်ဘဲ ဒုတိယဈာန်သို့ ရောက်၍ နေရန် မထိုက်။ပ။

တတိယဈာန်သို့ ရောက်၍ နေရန် မထိုက်။

စတုတ္ထဈာန်သို့ ရောက်၍ နေရန် မထိုက်။

သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။

သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။

အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။

အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ကျောင်း၌ ဝန်တိုခြင်း။

အမျိုး ‘ဒါယကာ’၌ ဝန်တိုခြင်း။

လာဘ်၌ ဝန်တိုခြင်း။

ဂုဏ်အဆင်း၌ ဝန်တိုခြင်း။

တရား၌ ဝန်တိုခြင်း။ (ဤငါးမျိုးတို့တည်း)။

ရဟန်းတို့ ဤ တရားငါးမျိုးတို့ကို မပယ်ဘဲ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပယ်ခြင်းကြောင့် ဒုတိယဈာန်သို့ ရောက်၍နေရန် ထိုက်၏။ပ။ တတိယဈာန်သို့ ရောက်၍ နေရန် ထိုက်၏။ စတုတ္ထဈာန်သို့ ရောက်၍ နေရန် ထိုက်၏။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။ အနာဂါမိဖိုလ်ကိုမျက်မှောက်ပြုရန် ထိုက်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ကျောင်း၌ ဝန်တိုခြင်း။

အမျိုး ‘ဒါယကာ’၌ ဝန်တိုခြင်း။

လာဘ်၌ ဝန်တိုခြင်း။

ဂုဏ်အဆင်း၌ ဝန်တိုခြင်း။

တရား၌ ဝန်တိုခြင်း။ (ဤငါးမျိုးတို့တည်း)။

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပယ်ခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏ဟု့ (မိန့်တော်မူ၏)။

တေရသမသုတ်။