အင်္ဂုတ္တရနိကာယ်
(၈) ၃-ယောဓာဇီဝဝဂ်
၇-ပဌမ အနာဂတဘယသုတ်
၇၇။ ရဟန်းတို့ ဤအနာဂတ်ဘေးငါးမျိုးတို့ကို ကောင်းစွာမြင်သော တောနေရဟန်းသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ တောနေရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ၌ ငါသည် တစ်ယောက်တည်း တော၌ နေ၏၊ တစ်ယောက်တည်း တော၌ နေသော ငါ့ကိုမြွေမူလည်း ကိုက်ရာ၏၊ ကင်းမြီးကောက်မူလည်း ကိုက်ရာ၏၊ ကင်းခြေများမူလည်း ကိုက်ရာ၏။ ထိုမြွေကင်းတို့ ကိုက်ခြင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုမြွေကင်းတို့၏ ကိုက်ခြင်းသည်ငါ့အား အန္တရာယ်ဖြစ်ရာ၏၊ ယခုအခါ၌ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန်မရသေး သည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန်လုံ့လကို အားထုတ်တော့အံ့”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤပဌမ အနာဂတ်ဘေးကို ကောင်းစွာ မြင်သော တောနေရဟန်းသည် မရောက်သေး သည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက် မပြုရသေး သည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား တောနေရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ ငါသည် တစ်ယောက်တည်း တော၌ နေ၏၊ တစ်ယောက်တည်း တော၌ နေသော ငါ သည်ချွတ်ချော်၍မူလည်း ကျရာ၏၊ စားပြီးသော အစားသည်မူလည်း ငါ့အား ဖောက်ပြန်ရာ၏၊ သည်းခြေမူလည်း ငါ့အား ပျက်ရာ၏၊ သလိပ်မူလည်း ငါ့အား ပျက်ရာ၏၊ လေသင်ဓုန်းသည်မူလည်း ငါ့အားဖြတ်ရာ၏၊ ထို့ကြောင့် ငါ့အား သေဆုံးခြင်းသည် ဖြစ်ရာ၏၊ ထို (ချွတ်ချော်၍ ကျခြင်း စသည်) သည်ငါ့အား အန္တရာယ်ဖြစ်ရာ၏၊ ယခုအခါ၌ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန်မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန်လုံ့လကို အားထုတ်တော့အံ့”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤဒုတိယအနာဂတ်ဘေးကို ကောင်းစွာ မြင်သော တောနေရဟန်းသည် မရောက်သေး သည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက် မပြုရသေး သည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား တောနေရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ ငါသည် တစ်ယောက်တည်း တော၌ နေ၏၊ တစ်ယောက်တည်း တော၌ နေသော ငါသည်သားရဲတို့နှင့် တွေ့ကြုံရာ၏၊ ခြင်္သေ့နှင့်သော်လည်းကောင်း၊ ကျားနှင့်သော်လည်းကောင်း၊ သစ်နှင့်သော်လည်းကောင်း၊ ဝံနှင့်သော်လည်းကောင်း၊ အောင်းနှင့်သော်လည်းကောင်း တွေ့ကြုံရာ၏၊ ထိုသားရဲသတ္တဝါတို့သည် ငါ့အား သတ်ကုန်ရာ၏၊ ထို့ကြောင့် ငါသည် သေဆုံးခြင်းဖြစ်ရာ၏၊ ထိုသားရဲသတ္တဝါဘေးသည် ငါ့အား အန္တရာယ်ဖြစ်ရာ၏၊ ယခုအခါ၌ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကိုမျက်မှောက်ပြုရန် လုံ့လကို အားထုတ်တော့အံ့”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤတတိယအနာဂတ်ဘေးကို ကောင်းစွာ မြင်သော တောနေရဟန်းသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက် မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား တောနေရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ ငါသည် တစ်ယောက်တည်း တော၌ နေ၏၊ တစ်ယောက်တည်း တော၌ နေသော ငါသည်ပြစ်မှုကို ကျူးလွန်ပြီးသည်လည်း ဖြစ်ကုန်သော မကျူးလွန်ရသေးသည်လည်း ဖြစ်ကုန်သော လူဆိုးတို့နှင့်တွေ့ဆုံမိရာ၏။ ထိုလူဆိုးတို့သည် ငါ့ကို သတ်ကုန်ရာ၏၊ ထို့ကြောင့် ငါအား သေဆုံးခြင်း ဖြစ်ရာ၏၊ ထိုလူဆိုးဘေးသည် ငါ့အား အန္တရာယ်ဖြစ်ရာ၏၊ ယခုအခါ၌ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကိုရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကိုမျက်မှောက်ပြုရန် လုံ့လကိုအား ထုတ်တော့အံ့”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤစတုတ္ထအနာဂတ်ဘေးကို ကောင်းစွာ မြင်သော တောနေရဟန်းသည် မရောက်သေး သည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေး သည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား တောနေရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ ငါသည် တစ်ယောက်တည်း တော၌ နေ၏၊ ကြမ်းကြုတ်သော ဘီလူးတို့သည် တောအရပ်၌ ရှိကုန်၏၊ ထိုဘီလူးတို့သည် ငါ့ကို သတ်ကုန်ရာ၏၊ ထိုဘီလူးဘေးကြောင့် ငါ့အား သေဆုံးခြင်းဖြစ်ရာ၏၊ ထိုဘီလူးဘေးသည် ငါ့အား အန္တရာယ် ဖြစ်ရာ၏၊ ယခုအခါ၌ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်တော့အံ့”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤပဉ္စမအနာဂတ်ဘေးကို ကောင်းစွာ မြင်သော တောနေရဟန်းသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။