အင်္ဂုတ္တရနိကာယ်
(၈) ၃-ယောဓာဇီဝဝဂ်
၈-ဒုတိယ အနာဂတဘယသုတ်
၇၈။ ရဟန်းတို့ အနာဂတ်ဘေးငါးမျိုးတို့ကို ကောင်းစွာ မြင်သော ရဟန်းသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ဆင်ခြင်၏—
“ယခုအခါ ငါသည်ကား ပျိုမျစ်နုနယ်ငယ်ရွယ်၍ မည်းနက်သော ဆံပင်ရှိသေး၏၊ ပဌမအရွယ်ဖြစ် သောကောင်းသော အရွယ်နှင့် ပြည့်စုံသေး၏၊ ဤကိုယ်သို့ အိုခြင်း ‘ဇရာ’ ထိရောက်သော အခါသည်ဖြစ်လာလိမ့်ဦးမည်၊ အိုခြင်း ‘ဇရာ’ နှိပ်စက်သည်ဖြစ်၍ အိုသူသည် ဘုရားသျှင်တို့၏ အဆုံးအမတော်ကိုနှလုံးသွင်းရန် မလွယ်ကူ၊ အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲရန် မလွယ်ကူ၊ အလိုမရှိအပ်မနှစ်သက်အပ် မမြတ်နိုးအပ်သော ထိုအိုခြင်းသဘောတရားသည် ငါ့ထံသို့ မရောက်လာမီ ငါသည်မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် ယခုစောစောကပင် လုံ့လကို အားထုတ်တော့မည်၊ ငါသည် ယင်း (ဈာန် မဂ် ဖိုလ်) တရားနှင့် ပြည့်စုံပါမူ အိုသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤပဌမအနာဂတ်ဘေးကို ကောင်းစွာ မြင်သော ရဟန်းသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကိုမျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ် သောစိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ ငါသည် အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်း အလယ်အလတ်ဖြစ်၍ကမ္မဋ္ဌာန်းစီးဖြန်းရန် ခံ့သော၊ အစာကို အညီအမျှကြေကျက်စေတတ်သည့် ဝမ်းမီးနှင့် ပြည့်စုံ၏။ ဤကိုယ်သို့ နာခြင်း ‘ဗျာဓိ’ ထိရောက်သော အခါသည် ဖြစ်လာလိမ့်ဦးမည်၊ နာခြင်း ‘ဗျာဓိ’ နှိပ်စက်သည်ဖြစ်၍နာသူသည် ဘုရားသျှင်တို့၏ အဆုံးအမတော်ကို နှလုံးသွင်းရန် မလွယ်ကူ၊ အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲရန် မလွယ်ကူ၊ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော ထိုနာခြင်းသဘောသည် ငါ့ထံသို့ မရောက်လာမီ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် ယခုစောစောကပင်လုံ့လကို အားထုတ်တော့မည်၊ ငါသည် ယင်း (ဈာန် မဂ် ဖိုလ်) တရားနှင့် ပြည့်စုံပါမူ နာသော်လည်းချမ်းသာစွာ နေရပေလိမ့်မည်”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤဒုတိယအနာဂတ်ဘေးကို ကောင်းစွာ မြင်သော ရဟန်းသည် မရောက်သေးသည့် (ဈာန်မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါသည် ဝပြော၏၊ ကောက်စပါး ကောင်းမွန်၏၊ ဆွမ်းရလွယ်၏၊ သပိတ်လက်စွဲလျက်ဆွမ်းခံခြင်းဖြင့် မျှတရန် လွယ်ကူ၏၊ ငတ်မွတ်ခေါင်းပါး ကောက်စပါးမကောင်း၍ ဆွမ်းရခဲသော သပိတ့်လက်စွဲလျက် ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူသည့် အခါမျိုးသည် ဖြစ်လာလိမ့်ဦးမည်၊ ငတ်မွတ်ခေါင်းပါးသော အခါ၌ ကား လူတို့သည် ဝပြောရာသို့ ပြောင်းရွှေ့ချဉ်းကပ်ကြကုန်၏၊ ထိုအရပ်၌ အပေါင်းအဖော်တို့နှင့် နေရ၏၊ ရောပြွမ်း၍ နေရ၏၊ အပေါင်းအဖော်တို့နှင့် နေရခြင်း ရောပြွမ်း၍ နေရခြင်းဖြစ်ခဲ့သော် ဘုရားသျှင်တို့၏ အဆုံးအမတော်ကို နှလုံးသွင်းရန် မလွယ်ကူ၊ အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲရန် မလွယ်ကူ၊ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော ထို (ငတ်မွတ်ခေါင်းပါးခြင်း) သဘောသည် ငါ့ထံသို့ မရောက်လာမီ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် ယခုစောစောကပင် လုံ့လကို အားထုတ်တော့မည်၊ ငါသည် ယင်း (ဈာန် မဂ် ဖိုလ်) တရားနှင့်ပြည့်စုံပါမူ ငတ်မွတ်ခေါင်းပါးသော အခါ၌လည်း ချမ်းသာစွာ နေရပေလိမ့်မည်”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤတတိယအနာဂတ်ဘေးကို ကောင်းစွာ မြင်သော ရဟန်းသည် မရောက်သေးသည့် (ဈာန်မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ၌ လူတို့သည် ညီညွတ်ကုန်၏၊ ဝမ်းမြောက်ကြကုန်၏၊ ခိုက်ရန်ငြင်းခုံခြင်း မရှိကြကုန်ဘဲနို့နှင့် ရေ ရောနှောသကဲ့သို့ ဖြစ်ကုန်၏၊ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကြည့်၍ နေထိုင်ကုန်၏၊ တောပုန်းဓားပြတို့ ထကြွသောင်းကျန်းသည်ဖြစ်၍ ဇနပုဒ်နေသူတို့သည် လှည်းရထားယာဉ်တို့ကို တက်စီးကုန်လျက် ပြေးလွှားကြရသည့် ဘေးရန်ဖြစ်သောအခါမျိုးသည် ဖြစ်လာလိမ့်ဦးမည်၊ ဘေးဖြစ်လာသည်ရှိသော် လူတို့သည် အေးချမ်းရာ အရပ်သို့ ပြောင်းရွှေ့ချဉ်းကပ်ကြကုန်၏၊ ထိုအရပ်၌ အပေါင်းအဖော်တို့နှင့် နေရ၏၊ ရောပြွမ်း၍ နေရ၏၊ အပေါင်းအဖော်တို့နှင့် နေရခြင်း ရောပြွမ်း၍ နေရခြင်းဖြစ်ခဲ့သော်ဘုရားသျှင်တို့၏ အဆုံးအမတော်ကို နှလုံးသွင်းရန် မလွယ်ကူ၊ အစွန်အဖျားကျသော တောကျောင်းတို့ကိုမှီဝဲရန် မလွယ်ကူ၊ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော ထို (မြို့ရွာသောင်းကျန်းမှု) သဘောတရားသည် ငါ့ထံသို့ မရောက်လာမီ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် ယခုစောစောကပင် လုံ့လကို အားထုတ်တော့မည်၊ ငါသည် ယင်း (ဈာန် မဂ် ဖိုလ်) တရားနှင့် ပြည့်စုံသည်ရှိသော် (သောင်းကျန်းမှု) ဘေးဖြစ်ပေါ်လာသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤစတုတ္ထအနာဂတ်ဘေးကို ကောင်းစွာ မြင်သော ရဟန်းသည် မရောက်သေးသည့် (ဈာန်မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်၏—
“ယခုအခါ၌ ကား သံဃာသည် ညီညွတ်၏၊ ဝမ်းမြောက်ဝမ်းသာရှိသည်ဖြစ်၍ ခိုက်ရန်ငြင်းခုံခြင်းမရှိဘဲပါတိမောက်အတူပြလျက် ချမ်းသာစွာ နေ၏၊ သံဃာကွဲပြားသောအခါသည် ဖြစ်လာလိမ့်ဦးမည်၊ သံဃာကွဲပြားသည်ရှိသော် ဘုရားသျှင်တို့၏ အဆုံးအမတော်ကို နှလုံးသွင်းရန် မလွယ်ကူ၊ အစွန်အဖျားကျသောတောကျောင်းတို့ကို မှီဝဲရန် မလွယ်ကူ၊ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော (သံဃာကွဲပြားမှု) သဘောတရားသည် ငါ့ထံသို့ မရောက်လာမီ ငါသည် မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန်မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် ယခုစောစောကပင် လုံ့လကို အားထုတ်တော့မည်၊ ငါသည် ယင်း (ဈာန် မဂ်ဖိုလ်) တရားနှင့် ပြည့်စုံသည့်ရှိသော် သံဃာကွဲပြားသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်”ဟု (ဆင်ခြင်၏)။
ရဟန်းတို့ ဤပဉ္စမအနာဂတ်ဘေးကို ကောင်းစွာ မြင်သော ရဟန်းသည် မရောက်သေးသည့် (ဈာန်မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့ ဤအနာဂတ်ဘေးငါးမျိုးတို့ကို ကောင်းစွာမြင်သော ရဟန်းသည် မရောက်သေးသည့် (ဈာန်မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ်ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မမေ့မလျော့ ပြင်းစွာအားထုတ်သော လုံ့လဖြင့် (နိဗ္ဗာန်) သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေခြင်းငှါ သင့်လျော်သည်သာလျှင်တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။