အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၂-ဝီတရာဂသုတ်

၈၂။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မကင်းသော စွဲမက်ခြင်း ‘ရာဂ’ ရှိ၏။

မကင်းသော အမျက်ထွက်ခြင်း ‘ဒေါသ’ ရှိ၏။

မကင်းသော တွေဝေခြင်း ‘မောဟ’ ရှိ၏။

သူတစ်ပါးဂုဏ်ကို ချေဖျက်ခြင်း ရှိ၏။

သူတစ်ပါးကို ဂုဏ်ပြိုင်ခြင်း ရှိ၏။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

စွဲမက်ခြင်း ‘ရာဂ’ မရှိ။

အမျက်ထွက်ခြင်း ‘ဒေါသ’မရှိ။

တွေဝေခြင်း ‘မောဟ’ မရှိ။

သူတစ်ပါးဂုဏ်ကို ချေဖျက်ခြင်း မရှိ။

သူတစ်ပါးကို ဂုဏ်ပြိုင်ခြင်း မရှိ။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။