အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၃-ကုဟကသုတ်
၈၃။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အံ့သြဖွယ်ကိုလည်း ပြုတတ်၏။
(လာဘ်ရရန်)လည်း ဖြားယောင်းတတ်၏။
အရိပ်နိမိတ်ကိုလည်း ပြုတတ်၏။
ဖိနှိပ်၍လည်း ဆိုတတ်၏။
(ရပြီး) လာဘ်ဖြင့် (မရသေးသော) လာဘ်ကိုလည်း ရှာမှီးတတ်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ် အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အံ့သြဖွယ်ကိုလည်း မပြုတတ်။
(လာဘ်ရရန်)လည်း မဖြားယောင်းတတ်။
အရိပ်နိမိတ်ကိုလည်း မပြုတတ်။
ဖိနှိပ်၍လည်း မဆိုတတ်။
(ရပြီး) လာဘ်ဖြင့် (မရသေးသော) လာဘ်ကိုလည်း မရှာမှီးတတ်။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။